
နော်တင်ဟမ်ဖောရက်စ်အား ရှုံးနိမ့်ပြီးနောက် ဘရိုက်တန် ပရိသတ်များအားတောင်းပန်လိုက်တဲ့ နည်းပြ ဟာဇလာ
ခရစ္စဝုဒ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အံ့သြဖွယ်ရာ စွမ်းဆောင်မှုများကို ဆက်လက်ပြသရင်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ မော်ဂန်ဂစ်ဝှိုက်၊ နီကိုဝီလီယံ နှင့် ဂျိုတာဆီဗာတို့ကလည်း ဖောရက်စ် အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဖောရက်စ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘုန်းမောက်အား ရှုံးနိမ့်ခဲ့ပြီး နူနိုဆန်းတို့စ်ရဲ့ အသင်းဟာ အိမ်ကွင်းပရိသတ်များရှေ့တွင် ထိုရှုံးနိမ့်မှုအတွက် တုံ့ပြန်မှုကောင်း ပြသနိုင်ခဲ့ပါတယ်။
ထိုရလဒ်ကြောင့် ဖောရက်စ်ဟာ အမှတ်ပေးဇယားရဲ့ စတုတ္ထနေရာရှိ နယူးကာဆယ်ထက် ၅မှတ် အသာရရှိထားပြီး အက်ဒီဟောင်းရဲ့အသင်ဟာ အိမ်ကွင်းမှာ ဖူလ်ဟမ်နှင့် ကစားရမှာဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်တွင် ဆက်တိုက်ရှုံးနိမ့်မှုနှင့်အတူ အဆင့် ၁၀ တွင် ရပ်တည်နေပြီး တစ်ပတ်အကြာ အက်ဖ်အေဖလား စတုတ္ထအဆင့် ချဲလ်ဆီးနှင့် ရင်ဆိုင်ရမယ့် ပွဲစဉ်တွင် ပြန်လည်ရုန်းထနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
"နောက်ဆုံးမှာ ကျွန်တော်တို့ဟာ စွမ်းဆောင်မှုအတွက် တာဝန်ရှိပါတယ်။ ရလဒ်အတွက်လည်း တာဝန်ရှိပါတယ်" "ဒါဟာ ကျွန်တော်တို့ ပြသချင်တဲ့ စွမ်းဆောင်မှု မဟုတ်ပါဘူး။ ကျွန်တော်တို့ အရမ်းစိတ်ပျက်မိပါတယ်" "ကျွန်တော်တို့ရဲ့ ပရိသတ်တိုင်း ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တိုင်းကို ဒီရလဒ်နဲ့ ဒီစွမ်းဆောင်မှုအတွက် တောင်းပန်ပါတယ်"
"ကျွန်တော်တို့ ၇-၀ ဂိုးနဲ့ ရှုံးတဲ့အခါ အရာအားလုံး မှားယွင်းသွားတယ်လို့ ထင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ဒါမှမဟုတ် ပွဲစဉ်ရဲ့ တစ်ပိုင်းတစ်စကို ရွေးချယ်ပြီး ပြောတာဟာ မမှန်ပါဘူး" "နောက်ဆုံးမှာတော့ အသင်းတစ်သင်းအနေနဲ့ နိုင်တယ် ဒီနေ့တော့ အသင်းတစ်သင်းအနေနဲ့ ရှုံးတယ် ဒါကြောင့် ကျွန်တော်တို့ စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ဒါကို သုံးသပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရိုးသားဖို့ လိုပါတယ်" လို့ ဘရိုက်တန် မန်နေဂျာ ဟာဇလာက ပွဲပြီးချိန်တွင် TNT Sports သို့ ပြောကြားခဲ့ပါတယ်။
ဘရိုက်တန်တွင် ဘာလီဘာ နှင့် ရှာရှင်အယာရှိတို့ မပါဝင်ခဲ့သော်လည်း ဟူဇယ်လာက ထိုကစားသမား၂ ဦး မပါဝင်မှုကို အကြောင်းပြချက်အဖြစ် မပေးခဲ့ပါဘူး။ "ဒါက အဓိကအကြောင်းရင်းလို့ ကျွန်တော် မပြောချင်ပါဘူး" "ဘောလုံးဆိုတာ အခြေခံအရာတွေကို မှန်မှန်ကန်ကန် လုပ်ဖို့ပါပဲ။ ပြေးတာ၊ ပြန်ဖိအားပေးတာ၊ တုံ့ပြန်တာ၊ ဒါတွေကို ကျွန်တော်တို့ရဲ့ အမြင့်ဆုံးအဆင့်မှာ မလုပ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပြိုင်ဘက် ဂိုးမသွင်းနိုင်အောင် ကာကွယ်မှု မလုပ်နိုင်ခဲ့တာပါ" "ဒီလိုကစားပြီး ပရီးမီးယားလိဂ်မှာ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" လို့ ဂျာမန်သားနည်းပြက ပြောကြားခဲ့ပါတယ်။
နူနိုဆန်းတို့စ်ဟာ ဘုန်းမောက်အား ရှုံးနိမ့်ပြီးနောက် သူရဲ့အသင်း ပြန်လည်ခြေစွမ်းပြနိုင်မှုကို ကျေနပ်နေခဲ့ပါတယ်။ "ပြီးခဲ့တဲ့ရက်သတ္တပတ်က ဖြစ်ခဲ့တာတွေအပြီးမှာ အသင်းရဲ့တုံ့ပြန်မှုက ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ရှုံးတယ် ပြီးတော့ ပြန်ထလာတယ်။ ဒါက အရမ်းကောင်းပါတယ်" လို့ ဖောရက်စ် မန်နေဂျာက ရှင်းပြထားပါတယ်။
"ဒီရလဒ်တွေဟာ ပရီးမီးယားလိဂ်မှာ ပုံမှန်မဟုတ်ပါဘူး။ အကြောင်းရင်းတစ်ခုခု အမြဲရှိပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဘုန်းမောက် က အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့မှာလည်း ကျွန်တော်တို့နဲ့ ဘရိုက်တန် အကြားမှာ အလားတူပဲ ဖြစ်ခဲ့ပါတယ်" "ပထမဂိုးအတွက် ကျွန်တော်တို့ ကံကောင်းခဲ့တယ်။ ဒါက ဘရိုက်တန် တုံ့ပြန်ချင်နေတဲ့ အချိန်ပါပဲ။ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အရမ်းကောင်းခဲ့တယ်"
နူနိုဆန်းတို့စ်ဟာ အီလန်ဂါအား အထူးချီးကျူးခဲ့ပြီး ဘရိုက်တန် နှင့် ပွဲစဉ်တွင် ဟက်ထရစ်တစ်ခုစာ ဖန်တီးမှုများ လုပ်ပေးနိုင်ခဲ့ပါတယ်။
အီလန်ဂါ နှင့် ဝုဒ်တို့ရဲ့ တိုက်စစ်နဲ့ပတ်သက်ပြီး "ဒါက ကောင်းပါတယ်။ နေရာတွေကို ပိုပြီး နားလည်လာတာက အလေ့အထတွေ ရလာတာလို့ ထင်ပါတယ်" "အီလန်ဂါက ဒီနေ့ အရမ်းကောင်းခဲ့ပါတယ်" လို့ နည်းပြက ပြောကြားခဲ့ပါတယ်။