ဆွီဒင်အသင်းအတွက် ၂ ဂိုးအထိသွင်းပေးနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိကြောင်းဖွင့်ဟလာတဲ့ အယာရီ
ယာစင်အာယာရီဟာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲဦးထွက်ပွဲစဉ်မှာပဲ ဆွီဒင်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၇ မိနစ်မှာတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။
တူနီးရှားအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အဲဒီပွဲမှာ အာယာရီဟာ ဂိုးသွင်းယူပြီးနောက် အောင်ပွဲမခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်လူဖြစ်သူ အာယာရီဟာ ဗစ်တာဂျိုကော်ရက်စ်ရဲ့ ကန်ချက်ကို ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်လိုက်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးဧရိယာအပြင် ၂၅ ကိုက်အကွာကနေ အားပါပါနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ ဆွီဒင်အသင်းအတွက် အနိုင်ရလဒ်ဆီကို ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။
အသင်းဖော်တွေက သူ့ကို ဝိုင်းပြီး ဂုဏ်ပြုခဲ့ကြပေမဲ့ အာယာရီကတော့ တောင်းပန်တဲ့ပုံစံမျိုးနဲ့ လက်နှစ်ဖက်ကို မြှောက်ပြခဲ့ပါတယ်။ သူ အခုလို အောင်ပွဲမခံခဲ့တာဟာ သူ့ရဲ့ မိသားစုကို လေးစားမှုပြသတဲ့အနေနဲ့ဖြစ်ပြီး သူ့ဖခင် အာဇော့ဇ်က တူနီးရှားနိုင်ငံသားတစ်ဦး ဖြစ်နေလို့ပါပဲ။
အပြင်ပန်းမှာတော့ သူဟာ စိတ်လှုပ်ရှားမှုကို သိပ်မပြသခဲ့ပေမဲ့ မြောက်အာဖရိကအသင်းဖြစ်တဲ့ တူနီးရှားကိုယ်စားပြု ကစားခွင့်ကို ငြင်းပယ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်ကစားသမားလေးအတွက်တော့ ဒါဟာ ထူးခြားတဲ့ အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ အာယာရီရဲ့ ဆုံးဖြတ်ချက်ကို သူ့ဖခင်ကလည်း ထောက်ခံခဲ့တာပါ။
"ဒါဟာ တကယ့်ကို အံ့ဩဖို့ကောင်းပြီး ဘာနဲ့မှ ဖော်ပြလို့မရတဲ့ ခံစားချက်မျိုးပါပဲ။ ကျွန်တော် အများကြီး အိပ်မက်မက်ခဲ့ဖူးပေမဲ့ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့တော့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော် သံယောဇဉ်အများကြီးရှိတဲ့ တူနီးရှားအသင်းနဲ့ ပြန်ကစားရတာဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်" လို့ အာယာရီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ အာယာရီဟာ ပွဲပြီးခါနီး နောက်ဆုံးအချိန်မှာ ရရှိခဲ့တဲ့ သူ့ရဲ့ ဒုတိယမြောက်ဂိုးကိုတော့ လွတ်လွတ်လပ်လပ် အောင်ပွဲခံခဲ့ပါတယ်။
ဂိုးဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းယူခဲ့တဲ့ ဒီဂိုးဟာ မွန်တာရေးကွင်းမှာ ဆွီဒင်အသင်းအပေါ် သံသယရှိနေကြသူတွေကို ပါးစပ်ပိတ်သွားစေခဲ့သလို ဆွီဒင်အသင်းရဲ့ ခြေစွမ်းပြမှုကိုလည်း အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
"ဘယ်သူကမှ ကျွန်တော်တို့ကို ယုံကြည်ခြင်းမရှိခဲ့တဲ့အချိန်မှာ အဖွဲ့သားအားလုံး စုစည်းညီညွတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ကြတာပါ" လို့ အာယာရီက ဆိုပါတယ်။