
တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ ဘောလုံးကစားခြင်းမှ ၄ နှစ်ကြာပိတ်ပင်ခံရနိုင်တဲ့ မူဒရစ်ခ်
ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ခ်ဟာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဘောလုံးကစားခြင်းမှ ၄ နှစ်အထိ ပိတ်ပင်ခံရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ် ယူကရိန်းလက်ရွေးစင်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆေးစစ်ခဲ့တာဖြစ်ပြီး ဆေးစစ်ချက်အရ ကစားသမားဟာ မယ်လ်ဒိုနီယမ်လို့ခေါ်တဲ့ တားမြစ်ဆေးကိုသုံးစွဲထားကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မူဒရစ်ခ်ဟာ အဲဒီအချိန်ကတည်းက ဘောလုံးကစားခြင်းမှရပ်နားထားရတာဖြစ်ပြီး ယခုအခါမှာတော့ အက်ဖ်အေရဲ့ကြေညာချက်အရ ပြစ်ဒဏ်ကျခံသွားရတော့မှာဖြစ်ပါတယ်။ အက်ဖ်အေက "မူဒရစ်ဟာ တားမြစ်ဆေးဥပဒေကို ချိုးဖောက်ထားကြောင်း ကျွန်တော်တို့အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချမှတ်ထားတဲ့အားကစားဥပဒေအရ ကစားသမားကိုအရေးယူသွားရမှာဖြစ်ပါတယ်။ အမှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်လို့ လောလောဆယ်မှာတော့ ဒီထက်ပိုပြီး မှတ်ချက်ပေးလို့မရသေးပါ" လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့လည်း အက်ဖ်အေရဲ့ကြေညာချက်အပေါ် တုံ့ပြန်ဖို့ငြင်းဆန်ထားတာကြောင့် မူဒရစ်အနေနဲ့ အက်ဖ်အေကချမှတ်တဲ့ပြစ်ဒဏ်ကို ကျခံသွားရဖို့ရှိပြီး ကစားသမားဘဝမှ ကာလရှည်ပိတ်ပင်ခံသွားရနိုင်ပါတယ်။ ESPN ရဲ့ဖော်ပြချက်အရတော့ မူဒရစ်ဟာ အဆိုပါတားမြစ်ဆေးတွေကို အင်္ဂလန်ရဲ့ပြင်ပမှာသုံးစွဲခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာလအတွင်း တားမြစ်ဆေးသုံးစွဲထားကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် မူဒရစ်ဟာ အင်စတာဂရမ်မှတစ်ဆင့် "ကျွန်တော့်အတွက် ထိတ်လန့်စရာကိစ္စတစ်ခုပါပဲ။ ဒီတားမြစ်ဆေးတွေကို ကျွန်တော်သုံးနေတယ်ဆိုတာ ဘယ်တုန်းကမှမသိခဲ့ပါဘူး။ ကျွန်တော်အခု အသင်းဖော်တွေနဲ့အတူ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ကြိုးစားနေပါတယ်"
"ကျွန်တော်ဘာအမှားမှမလုပ်ထားတာကြောင့် မကြာခင်မှာပဲ ကွင်းထဲမှာဘောလုံးပြန်ကစားရမယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအခြေအနေတွေအရ ကျွန်တော်ဒီထက်ပိုပြီးတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်အမြန်ဆုံးပြန်လာခဲ့ပါမယ်" လို့ပြောကြားခဲ့ပါတယ်။