
Laureus World Sports Award ဆုအတွက် ဘယ်လင်ဂမ်၊ ဟာလန်းတို့နှင့်အတူ ဆန်ကာတင်စာရင်းထဲ ပါဝင်နေတဲ့ မက်ဆီ
၂၅ ကြိမ်မြောက် Laureus World Sports Awards ဆုရဲ့ ဆန်ကာတင်စာရင်းတွင် လီယွန်နယ်မက်ဆီ၊ ဂျူဒီဘယ်လင်ဂမ် နှင့် အာလင်းဟာလန်းတို့ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ဘော်လွန်းဒီအော်နှင့် ဖီဖာအကောင်းဆုံးဆုများ ရရှိခဲ့တဲ့ အင်တာမီယာမီစူပါစတား မက်ဆီဟာ ၂၀၂၃ ခုနှစ်ကရရှိခဲ့တဲ့ Laureus World Sportsman of the Year ဆုအတွက် ယှဉ်ပြိုင်သူစာရင်းထဲမှာလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံးရရှိခဲ့တဲ့ ဟာလန်းက Sportsman ဆုကိုရရှိဖို့ စာရင်းတွင်ပါဝင်နေပြီး "ပြီးခဲ့တဲ့နှစ်က ကျွန်တော်နဲ့ တစ်သင်းလုံးအတွက် အရမ်းထူးခြားတဲ့နှစ်ပါ။ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ကလပ်အသင်းဝန်ထမ်းတွေ မပါဘဲ ကျွန်တော်သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို ရောက်ရှိအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့မပါဘဲ အောင်မြင်မှုဆိုတာ မဖြစ်နိုင်ပါဘူး" "တစ်နှစ်တာအကောင်းဆုံး အားကစားသမားတွေနဲ့အတူ Laureus Sportsman of the Year ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း ခံရတာကြောင့် အရမ်းဂုဏ်ယူမိပါတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရရှိခဲ့တဲ့ မန်စီးတီးဟာ Laureus World Team ဆုကို ရရှိဖို့စာရင်းထဲမှာ ပါဝင်နေပြီး "Laureus World Team of the Year ဆုအတွက် အမည်စာရင်းတင်သွင်းခြင်းခံရတာကြောင့် ကျွန်တော်တို့ရဲ့ ကလပ်အတွက် ဂုဏ်ယူမိပါတယ်" "ဟုတ်ပါတယ် ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ အများကြီးအနိုင်ရခဲ့တဲ့ အတွက်ကြောင့် အမည်စာရင်းတင်သွင်းခြင်း ခံခဲ့ရတာဖြစ်ပြီး၊ အင်္ဂလန်နဲ့ ဥရောပတစ်ခွင်မှာ ယှဉ်ပြိုင်ဖို့အတွက် ရာသီတစ်လျှောက်လုံး အရမ်းကြိုးစားခဲ့ကြတဲ့ ကစားသမားတွေအားလုံးနဲ့ ဝန်ထမ်းတွေအားလုံးအတွက် ဂုဏ်ယူမိပါတယ်" လို့ ဂွါဒီယိုလာက ပြောပါတယ်။
Golden Boy နှင့် Kopa Trophy တို့ကို ရရှိပြီးဖြစ်တဲ့ အသက် ၂၀ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကလည်း Laureus World Sports Awards ဆုအတွက် ဆန်ခါတင်စာရင်းတွင် စကော့တလန် တာလတ်အပြေးသမား ဂျိုရှ်ကာ၊ ဆယ်ကျော်သက် တင်းနစ်ကစားသမား ကိုကိုဂရက်ဖ်၊ တရုတ်ရေကူးသမား ကျင်ဟိုင်ရန်၊ ဘောလုံးသမားတွေဖြစ်တဲ့ လင်ဒါကိုင်စီဒို နဲ့၂၀၂၃ ခုနှစ် ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အားလုံးရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရတဲ့ ပရာရယ်လူရယ်လိုတို့နှင့်အတူ ပါဝင်နေပါတယ်။
Laureus World Sports Awards ဆုပေးပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက် မက်ဒရစ်မှာကျင်းပမှာဖြစ်ပါတယ်။ အခြားသောဆုများအတွက် နိုဗက်ဂျိုကိုဗစ်၊ အတ္တနာဘွန်မာတီ၊ ရှာကာရီရစ်ချက်ဆင်၊ မက်စ်ဗာစတပ်ပန်၊ ရှာရစ်ကာ ဂျက်ဆင်၊ ဆီမြွန်နီဘယ်လ်လီစ် တို့ကလည်း စာရင်းတွင် ပါဝင်နေပါတယ်။