The network connection is lost.

Banner Image

လက်ရှိ ယူနိုက်တက်အသင်းမှာ သူယုံတာ နှစ်ယောက်ပဲရှိတယ်လို့ ဂယ်ရီနဗီးလ်ဆို

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ လက်ရှိအသင်းရဲ့ ခြေစွမ်းကို အတော်လေး စိတ်ပျက်နေပုံပါပဲ။  နဗီးလ်က နည်းပြ ရူဘင်အာမိုရင်ရဲ့လက်အောက်က အသင်းမှာ ယုံကြည်ရလောက်တဲ့ ကစားသမားဆိုလို့ နှစ်ယောက်တည်းပဲ ရှိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ 

ဒီဝေဖန်ချက်ကလည်း မကြာသေးခင်က နယူးကာဆယ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာတာပါ။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နေရာအထိ ကျဆင်းသွားခဲ့ပြီး သမိုင်းတစ်လျှောက် အနည်းဆုံးရမှတ်ကို ရရှိမယ့် အခြေအနေကို ရောက်နေပါတယ်။ 
ပြည်တွင်းဖလားမှာလည်း မျှော်လင့်ချက် မရှိတော့တဲ့အပြင် ယူရိုပါလိဂ်တစ်ခုပဲ ဒီရာသီရဲ့ အရှက်ကွဲစရာ အခြေအနေကို ကယ်တင်ဖို့ ကျန်တော့တာပါ။ 

ဒါကြောင့်လည်း လာမယ့် ကြာသပတေးနေ့ညမှာ လိုင်ယွန်နဲ့ ကစားမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် မန်နေဂျာ အာမိုရင်အပေါ်မှာ ဖိအားတွေ တော်တော်လေး များနေပါတယ်။  အသင်းတာဝန်ရှိသူတွေက နွေရာသီမှာ အသင်းအတွက် ငွေအများကြီး သုံးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် နဗီးလ်ကတော့ လက်ရှိအခြေအနေကို အတော်လေး စိုးရိမ်နေပုံရပါတယ်။ 

နဗီးလ်က "ပြဿနာတွေက အများကြီးပဲဗျာ၊ တကယ်ပြောရရင် ဘယ်ကစရမလဲတောင် မသိတော့ဘူး၊ ပထမဆုံး ခြေလှမ်းကို ဘယ်မှာ စဆောက်ရမလဲဆိုတာလည်း မသိဘူး။ အခုအချိန်မှာ ဒါက ပြဿနာပဲ၊ ဒီအသင်း မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့ဆိုရင် အရည်အသွေးကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အချိန်အများကြီး လိုပါလိမ့်မယ်" လို့ ဆိုပါတယ်။

နဗီးလ်က ယူနိုက်တက်အသင်းရဲ့ ကပ္ပတိန်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ တောင်ပံကစားသမားလေး အာမက်ဒီယာလိုတို့ကိုပဲ အာမိုရင်ရဲ့ လက်အောက်မှာ သူအမှန်တကယ် ယုံကြည်ရတဲ့ ကစားသမား နှစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။  နဗီးလ်က "ဒီကစားသမားတွေရဲ့ ပြဿနာက သူတို့ အစွမ်းကုန် ကြိုးစားနေကြတာပဲ။ ကျွန်တော်ကတော့ သူတို့ ကြိုးစားအားထုတ်မှု မရှိဘူးလို့ မထင်ဘူး။ သူတို့ရဲ့ အရည်အသွေးက ဒီအသင်းမှာ လိုအပ်တဲ့ အဆင့်ထက် အများကြီး နိမ့်ကျနေတာ မြင်သာပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်နဲ့ အာမက်ဒီယာလိုတို့လောက်ပဲ ကျွန်တော် အားကိုးနိုင်တဲ့သူ ရှိမယ်မထင်ဘူး။ အသင်းရဲ့ အရည်အသွေးက အရမ်းညံ့ဖျင်းနေတာကြောင့် ဒါဟာ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတစ်ခုပါ။ သူတို့မှာ အသက်ကြီးတဲ့ ကစားသမားတွေလည်း ရှိတယ်၊ အရည်အချင်းနဲ့ မကိုက်ညီတဲ့ လူငယ်ကစားသမားတွေလည်း ရှိတယ်၊ အလယ်မှာလည်း ကစားသမားအုပ်စုတစ်ခု ရှိနေတယ်။ ဒါက တကယ်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ" လို့ ပြောသွားခဲ့ပါတယ်။