The network connection is lost.

Banner Image

ဂရင်းဝုဒ်က ဒမ်ဘီလီနဲ့ အမ်ဘာပေတို့လို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ဒီဇာဘီအခိုင်အမာပြော

မာဆေးလ်နည်းပြ ရော်ဘတ်တိုဒီဇာဘီက အသင်းရဲ့တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေနဲ့ ပီအက်စ်ဂျီစူပါစတား အူစမန်ဒမ်ဘီလီတို့လို ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာနိုင်တယ်လို့ အခိုင်အမာထောက်ခံပြောကြားလာခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက မာဆေးလ်အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပြီး ၂၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် ဒီဇာဘီကတော့ ကစားသမားဟာ အခုထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။ အီတလီသားနည်းပြက ဂရင်းဝုဒ်ဟာ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ရဲ့ခြေရာကိုနင်းပြီး ထိပ်တန်းကစားသမားဖြစ်လာနိုင်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။

ဒီဇာဘီက "ဂရင်းဝုဒ်က အသင်းရဲ့ခံစစ်ကိုလည်း ကူညီပေးပြီး ပြိုင်ဘက်ကိုလည်း ဖိအားပေးတတ်တဲ့ကစားသမားမျိုးပါ။ ဒီလိုပုံစံအတိုင်းအမြဲတမ်း မကစားပေမယ့် သူကစားချင်တာ အဲ့လို ပုံစံမျိုးပါ။ တကယ်လို့ သူ့အနေနဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ကျွန်တော်တို့ ကူညီပေးသွားရပါမယ်။ သူ့အနေနဲ့ ဘောလုံးမရှိတဲ့အချိန်တွေမှာလည်း ပြေးနေဖို့လိုပါတယ်။ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့က ဘောလုံးကိုင်မထားတဲ့အချိန်တွေမှာ‌တောင်ပြိုင်ဘက်နောက်တန်းကို ဖိအားပေးနိုင်တဲ့ကစားသမားတွေပါ။ ဂရင်းဝုဒ်လည်း သူတို့လိုပုံစံကစားမှဖြစ်ပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီဟာ ဂရင်းဝုဒ်ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ဒမ်ဘီလီနဲ့ လီဂူးဝမ်းမှာ သွင်းဂိုးတူညီခဲ့ပါတယ်။ သို့သော်လည်း ဂိုးပါဝင်ပတ်သက်မှုအပိုင်းမှာတော့ ဂရင်းဝုဒ်ဟာ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ကိုမမီခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးပါဝင်ပတ်သက်မှု ၄၉ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဒမ်ဘီလီကလည်း ပီအက်စ်ဂျီအတွက် ၅၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ မာဆေးလ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို စပိန်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂရင်းဝုဒ်အနေနဲ့လည်း အမ်ဘာပေနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ အပါပွဲစဉ်အပြီး တနင်္ဂနွေနေ့မှာ‌ မာဆေးလ်ဟာ ပီအက်စ်ဂျီနဲ့ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဂရင်းဝုဒ်တစ်ယောက် ဒမ်ဘီလီနဲ့လည်း ထပ်မံတွေ့ဆုံသွားရပါမယ်။