The network connection is lost.

Banner Image

ဆလိုဗေးနီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့အနိုင်ရပြီးနောက် ရော်နယ်ဒိုကို ချီးကျူးပြောဆိုလာတဲ့ မာတီနက်ဇ်

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က ယနေ့နံနက် ဆလိုဗေးနီးယားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၁၆ သင်းဆင့် ရှုံးထွက်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အချိန်ပိုမှာရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင်ကန်မသွင်းနိုင်ခဲ့သော်လည်း ပွဲအပြီးမှာတော့ ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၀-၀ ဆိုတဲ့သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုဆက်ကစားရာမှာ ပေါ်တူဂီက ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပေမယ့် ရော်နယ်ဒိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ထို့နောက် ပင်နယ်တီအဆုံးအဖြတ်ရောက်မှသာ အယ်လ်နာဆာစူပါစတားဟာ ဂိုးဝင်အောင်သွင်းနိုင်ခဲ့တာဖြစ်ပြီး ဆလိုဗေးနီးယားက ၃ လုံးဆက်တိုက် လွဲချော်ခဲ့တာကြောင့် ပေါ်တူဂီတို့ ၃-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်က “တကယ်တော့ ပင်နယ်တီလွဲတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ဒီလောက်အထိဂရုစိုက်စရာမလိုပါဘူး။ ဒါပေမယ့် အသင်းကို အရမ်းဂရုစိုက်ပေးလို့ သူ့ကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို အသင်းရဲ့ပထမဆုံး ပင်နယ်တီကန်သွင်းသူအဖြစ် သေချာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ပွဲ ရခဲ့တာပါ” “ကျွန်တော်တို့အားလုံး ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဂုဏ်ယူကြပါတယ်။ အသင်းရဲ့အဝတ်လဲခန်းက သူ့ကြောင့်ပျော်စရာကောင်းနေပါတယ်။ သူက ကျွန်တော်တို့ကို နေ့ရက်တိုင်းကို နောက်ဆုံးနေ့ရက်လိုအသက်ရှင်ဖို့ သင်ခန်းစာပေးနေတယ်လို့ထင်ပါတယ်။ ဘောလုံးသမားတစ်ယောက်အနေနဲ့ အမြင့်ဆုံး စံချိန်တွေကို လိုအပ်ပါတယ်။ ဘယ်တော့မှအရှုံးပေးလို့မရပါဘူး။ ဘဝမှာရော ဘောလုံးမှာပါ အခက်အခဲတွေကတော့ ရှိနေမှာပါ။ ဒါပေမယ့် ဒီအခက်အခဲတွေကို ရော်နယ်ဒိုရဲ့တုံ့ပြန်ပုံက ကျွန်တော်တို့အတွက် ဂုဏ်ယူရစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆလိုဗေးနီးယားကို မိနစ် ၁၂၀ နဲ့ ပင်နယ်တီအဆုံးအဖြတ်အထိ ခက်ခက်ခဲခဲကစားပြီးနောက်မှာတော့ ပေါ်တူဂီဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး တစ်ဖက်က ဘယ်လ်ဂျီယံကို နောက်ကျသွင်းဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။

ဆက်လက်ပြီး မာတီနက်ဇ်က “ကျွန်တော်တို့ လုံးဝအနားမယူချင်သေးပါဘူး။ ဒီမှာပဲ ဆက်နေချင်ပါသေးတယ်။ အခုချိန်မှာတော့ ပြင်သစ်နဲ့ပွဲအတွက် အာရုံစိုက်နေပါပြီ။ ယူရိုပြိုင်ပွဲမှာ နောက်တစ်ပွဲအတွက် ပြင်ဆင်ဖို့ အချိန် ၃ ရက်လောက်ရရင် လုံလောက်ပါတယ်။ ပြင်သစ်က အရမ်းသန်မာပြီး ခံစစ်ပိုင်းအားကောင်းတဲ့အသင်းပါ။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာတော့ အားနည်းချက်တွေရှိနေတယ်လို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအဆင့်ထိ ရောက်လာပြီဆိုတော့ သူက ကျွန်တော်တို့အတွက် ပိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။