The network connection is lost.

Banner Image

အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ် စရိုက်အစစ်အမှန် မြင်တွေ့ရဖို့ ဆန္ဒရှိနေတဲ့ နည်းပြဟိုဝီ

ဒီနေ့ညပိုင်း၊ အေစီမီလန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ နယူးကာဆယ်ရဲ့ ယှဉ်ပြိုင်လိုစိတ် သဘောသဘာဝကို ပြသတာ မြင်တွေ့လိုတဲ့ စိတ်ဆန္ဒတစ်ခုအကြောင်း နည်းပြဟိုဝီက အလေးပေးပြောဆိုလိုက်ပါတယ်။
 
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဆင့်-၄ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့တဲ့ နယူးကာဆယ်က ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံးအကြိမ် ဥရောပထိပ်တန်းပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နယူးကာဆယ်က ပီအက်စ်ဂျီ၊ အေစီမီလန်၊ ဒေါ့မွန်တို့ပါဝင်တဲ့ မရဏအုပ်စုအတွင်း ကျရောက်ခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဖိအားတွေနဲ့အတူ ရင်ဆိုင်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။
 
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြဟိုဝီက မီလန်မြို့ဆီထွက်ခွာလာတဲ့ နယူးကာဆယ်အသင်းရဲ့ ခရီးစဉ် နှောင့်နှေးကြန့်ကြာရမှုအကြောင်း ဦးစွာဆွေးနွေးခဲ့ပါတယ်။
 
“ရာသီဥတုပြဿနာကြောင့် ကျွန်တော်တို့ နောက်ကျခဲ့ပါတယ်။ ကျွန်တော်တို့လည်း လမ်းခရီးမှာ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ ကျွန်တော်တို့အတွက်တော့ ဘာမှမဆန်းတော့ပါဘူး။ နောက်ကျလို့ တောင်းပန်ပါတယ်။ ရာသီဥတုပြဿနာပါ။ ဒါမျိုး အတိတ်မှာလည်း ကျွန်တော်တို့ ကြုံတွေ့ခဲ့ဖူးပါတယ်။ အသားကျနေပါပြီ။ ကျွန်တော်တို့ ခန့်မှန်းထားတာထက် နည်းနည်းတော့ နောက်သွားကျသွားခဲ့ပါတယ်။ ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး”လို့ နယူးကာဆယ်နည်းပြက ပြောပါတယ်။
 
အေစီမီလန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်က နယူးကာဆယ်အသင်းနဲ့ ပရိသတ်တွေအတွက် ဘယ်လိုအဓိပ္ပါယ် ဆောင်နေသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ နည်းပြဟိုဝီက “ကျွန်တော်ကိုယ်တိုင်လည်း ချန်ပီယံလိဂ်ကို နည်းပြအဖြစ် မယှဉ်ပြိုင်ဖူးပါဘူး။ ကျွန်တော် အတော်လေး အလုပ်များခဲ့ပါတယ်။ ကာလအတန်ကြာ စောင့်ဆိုင်းခဲ့ရသူတွေ အတွက် ဂုဏ်ယူစရာအခိုက်အတန့်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံးဖြစ်အောင် လုပ်သွားရပါမယ်”လို့ ပြောပါတယ်။
 
နယူးကာဆယ်အသင်းရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မျှော်လင့်ချက်နဲ့ပတ်သက်လို့ ဟိုဝီက “ကျွန်တော်တို့ကတော့ ကိုယ်လုပ်နိုင်သလောက် လုပ်သွားချင်တာပါပဲ။ ကျွန်တော်တို့က အရမ်းယှဉ်ပြိုင်ချင်ကြသလို ကိုယ့်အသင်းရဲ့ကစားဟန်ကိုလည်း ပြသချင်ပါတယ်။ ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကျွန်တော်အသင်းရဲ့ ယှဉ်ပြိုင်လိုစိတ်သဘောသဘာဝက ဒီပွဲစဉ်မှာ ရှိနေရပါမယ်”လို့ ရှင်းပြခဲ့ပါတယ်။
 
နောက်ဆုံးအနေဖြင့် ဒီနေ့ညပိုင်းပွဲစဉ်မှာ မြို့ခံဒါဘီပြိုင်ဘက်ကို ဂိုးပြတ်အရေးနိမ့်ထားတဲ့ အေစီမီလန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုရှိမလဲလို့ ဟိုဝီဆီ မေးမြန်းခဲ့ပါတယ်။
 
သူက “မတူညီတဲ့ ပြိုင်ပွဲ၊ မတူညီတဲ့ နေ့ရက်တွေပါ။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်နိုင်ရပါမယ်။ ဒီလိုပတ်ဝန်းကျင်တစ်ခုမှာ ကျွန်တော်တို့က ပွဲစဉ်ကို အကောင်းဆုံးစတင်သွားနိုင်ရပါမယ်။ ဒီစတင်မှုကပဲ အဓိကသော့ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အရမ်းကို ခက်ခဲကြမ်းတမ်းမယ့်ပွဲစဉ်တစ်ခုကတော့ စောင့်ကြိုနေပါပြီ။ အေစီမီလန်ကလည်း အံ့ဖွယ်နည်းပြတစ်ဦးနဲ့အတူ အရည်အသွေးအပြည့်ရှိတဲ့ ကစားသမားတွေ စုစည်းထားတဲ့ အသင်းကောင်း တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော် ပီအိုလီ(လက်ရှိအေစီမီလန်နည်းပြ)နဲ့ တွေ့ဆုံပြီး ဘောလုံးအကြောင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အသင်းကို သူမောင်းနှင်တဲ့ပုံစံအပေါ် ကျွန်တော် ကြိုက်ပါတယ်။ သူက တကယ်ကိုကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောပါတယ်။