
ဗိုလ်လုပွဲရှုံးနိမ့်မှုကြောင့် ပီအက်စ်ဂျီရဲ့အံ့မခန်းဘောလုံးရာသီကို မထိခိုက်စေပါဘူးလို့ ဆိုလိုက်တဲ့ မာကွင်ဟို့စ်
ဒီနေ့မနက်ပိုင်း၊ အမေရိကန်နိုင်ငံမှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွင်း ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် သတင်းစာရှင်းလင်းပွဲဆီ ပီအက်စ်ဂျီနောက်ခံလူမာကွင်ဟို့စ် တက်ရောက်လာခဲ့ပါတယ်။ မာကွင်ဟို့စ်က “ ကျွန်တော်တို့ရဲ့အားနည်းချက်ကို သူတို့တွေ အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာဆိုရင် သူတို့တွေက အလွန်ခက်ခဲလှတဲ့ နည်းစနစ်ပိုင်းအခြေအနေတစ်ရပ်ဆီ ကျွန်တော်တို့ကို မောင်းသွင်းနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အသင်းတိုင်းက ကျွန်တော်တို့ကို အနီးကပ်လေ့လာနေကြပါပြီ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ရဲ့အကောင်းဆုံးပုံစံမှာ အမြဲတမ်းရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းပွဲချိန်အတွင်း ချဲလ်ဆီးက ရုပ်ပိုင်းဆိုင်ရာအားပြိုင်မှုတွေမှာ အနိုင်ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ ကျွန်တော်တို့အသင်းရဲ့ပုံမှန်စွမ်းဆောင်ရည်အောက် အနည်းငယ်ကျဆင်းနေခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ကစားပုံကတော့ အရမ်းထိရောက်ပါတယ်။ ဒါကပဲ အရာရာတိုင်းကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာလည်း အခွင့်အရေးတွေရရှိခဲ့ပေမယ့် ထိရောက်မှုနည်းပါးခဲ့ပါတယ်”လို့ ဆိုပါတယ်။
နိဂုံးချုပ်အားဖြင့် ဘရာဇီးခံစစ်မှူးက “ ပရိသတ်တွေကတော့ ကျွန်တော်တို့နဲ့အတူ အမြဲတမ်းရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပါရီမြေဆီ ဒီထက်နည်းနည်းလေးပိုပြီး သယ်ဆောင်လာချင်ခဲ့ပါတယ်။ အောင်မြင်မှုမရရှိခဲ့လို့လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ ရူးလောက်စရာဘောလုံးရာသီရဲ့ကြီးကျယ်ခမ်းနားမှုကို မလျော့ပါးစေပါဘူး။ အံ့အားသင့်စရာအခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်တွေလည်း ကျွန်တော်တို့အတွက် ဂုဏ်ယူနေလိမ့်မယ်လို့ ယုံကြည်မိပါတယ်”လို့ ဆက်ပြောပါတယ်။