
ဝက်စ်ဟမ်းကို အနိုင်ရခဲ့ခြင်းက ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ ပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ယနေ့နံနက်က အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချစ်မှာ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ဟာ အသင်းအတွက်တော့ ကြီးမားတဲ့နိုင်ပွဲတစ်ပွဲဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဝက်စ်ဟမ်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးကာနီး ၄၂ မိနစ်မှာ ဘိုဝမ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်ကနေလိုက်ကစားခဲ့ရတဲ့ ချဲလ်ဆီးက နိုင်ပွဲအတွက် ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ပြီး နတ်တိုရဲ့သွင်းဂိုး၊ ဝမ်ဘစ်ဆာကာရဲ့ လက်ဆောင်ဂိုးတွေကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ရလဒ်ကောင်းတွေရရှိဖို့ရုန်းကန်နေရတဲ့ ချဲလ်ဆီးအတွက် ယခုနိုင်ပွဲဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲအတွင်း ဒုတိယမြောက်နိုင်ပွဲဖြစ်ပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက “ကြီးမားတဲ့နိုင်ပွဲပါ။ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပြီး အထူးသဖြင့် စိတ်ဓာတ်ပိုင်းမှာ အားပြိုင်ခဲ့ရပါတယ်။ ဒီလိဂ်မှာ နောက်ကနေလိုက်ကစားရတာ ဘယ်တော့မှမလွယ်ပါဘူး။ စိတ်ရှည်ဖို့လိုပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ပြန်လာနိုင်ခဲ့ပြီး အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့အမှားကို စောင့်နေခဲ့ပြီး ဒီအခြေအနေမှာ ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
မာရက်စ်ဟာ ယခုပွဲစဉ်ရဲ့ဒုတိယပိုင်းအတွင်း ကစားသမား ၅ ယောက်အထိ လူစားလဲခဲ့ပြီး ဂျေဒန်ဆန်ချိုနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ နက်တိုက မှန်ကန်တဲ့လူစားလဲမှုဖြစ်လာခဲ့ကာ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ဆက်လက်ပြီး မာရက်စ်ကာက “နိုင်ပွဲတစ်ပွဲအတွက် အရေးကြီးတာ ကစားသမားတွေပါပဲ။ မန်နေဂျာနဲ့မဆိုင်ပါဘူး။ ပွဲချိန်အတွင်း လူစားလဲတဲ့အပေါ် ခံစားချက်အချို့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ တိုးတက်ဖို့လိုနေပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့လည်း လိုအပ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ယခုရာသီပရီးမီးယားလိဂ် ၂၄ ပွဲကစားထားရာမှာ ၄၃ မှတ်အထိစုဆောင်းထားနိုင်ပြီး လက်ရှိချန်ပီယံ မန်စီးတီးနဲ့ နယူးကာဆယ်တို့ကို ၂ မှတ်ဖြတ်တောက်ထားနိုင်ပါတယ်။ ထိပ်ဆုံး ၄ သင်းနေရာအတွက် ပြိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မာရက်စ်ကာက “ကျွန်တော်တို့ ထိပ်ဆုံး ၄ သင်းနေရာကို အရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရာသီကုန်အထိ ဒီအတိုင်းဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။