
အင်္ဂလန်အသင်းအတွက် ရွေးချယ်ပြီးနောက် ခြေစွမ်းပြန်မကျသွားဖို့ ရက်ရှ်ဖို့ဒ်ကို တူချယ်လ်သတိပေး
အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်က မန်ချက်စတာယူနိုက်တက်မှ အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့သွားရောက်ကစားပြီး ခြေစွမ်းပြသနေတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့လူစာရင်းအတွက် ရွေးချယ်ခဲ့ပြီးနောက် ခြေစွမ်းပြန်မကျသွာစေဖို့ သတိပေးစကားဆိုလာခဲ့ပါတယ်။
ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တဲ့ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုးလ်ထရက်ဖို့ဒ်မှာ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာထံ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဗီလာမှာတော့ အင်္ဂလန်သားဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာသို့ စတင်ရောက်ရှိချိန်ကတည်းက ပြိုင်ပွဲစုံ ၉ ပွဲကစားထားရာမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေမယ့် ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ကစားသမားဟာ အရန်အနေနဲ့သာ အများဆုံးပါဝင်ခွင့်ရထားပြီး ၁၁၆ မိနစ်တိုင်းမှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။ ဒါကြောင့် တူချယ်လ်အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းမှာ ပါဝင်ကစားခိုင်းဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
တူချယ်လ်က “သူက အက်စတွန်ဗီလာအတွက်ကြီးမားတဲ့ သက်ရောက်မှုရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူရဲ့သက်ရောက်မှုက အထင်ကြီးစရာပါ။ ကိုယ်ကာယကြံ့ခိုင်မှုကလည်း အပြည့်အဝရှိနေသလို၊ သူ့ရဲ့ လုပ်အားနှုန်းနဲ့ ခံစစ်ကစားတဲ့စွမ်းရည်ကလည်း အထင်ကြီးစရာကောင်းပါတယ်။ ဒါကြောင့် သူ့ကိုရွေးချယ်သင့်တယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ ထိပ်တန်းခြေစွမ်းမျိုးပြန်ရသွားအောင်ကူညီသွားမှာဖြစ်ပြီး အကျင့်ဟောင်းတွေထဲပြန်မကျသွားဖို့ တွန်းအားပေးသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့အတူ ဂျော်ဒန်ဟန်ဒါဆန်ကလည်း အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရသလို၊ လူးဝစ်စကယ်လီနဲ့ ဒန်ဘန်းတို့ကလည်း ပထမဆုံးအကြိမ် အင်္ဂလန်လူစာရင်းထဲ ရောက်ရှိလာခဲ့ကြပါတယ်။ သို့သော်လည်း မော်ဂန်ဂစ်ဝှိုက်နဲ့ ဂျက်ခ်ဂရီးလစ်ရှ်တို့ကတော့ လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။ လာမယ့် မတ်လ ၂၁ ရက်နေ့မှာတော့ အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် အယ်လ်ဘေးနီးယားနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ၂၄ ရက်နေ့မှာတော့ လက်ဗီယာနဲ့ ကစားသွားရပါမယ်။