ဒီဘရိုင်း ဒဏ်ရာပြန်ရမှာ စိုးရိမ်တာကြောင့် ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ထည့်မကန်ခဲ့တာဖြစ်တယ်လို့ ရှင်းပြလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ယနေ့နံနက်က ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီဘရိုင်းမပါဝင်ခဲ့ခြင်းမှာ ဒဏ်ရာပြန်ရမှာစိုးရိမ်လို့ဖြစ်ကြောင်း ရှင်းပြပြောဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ဒီဘရိုင်းဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး မန်စီးတီးရဲ့ပွဲစဉ်တွေကို ၅ လကျော်ကြာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လ်ဂျီယံနိုင်ငံသားဟာ ပြီးခဲ့တဲ့လက စတင်ပါဝင်ကစားနိုင်ခဲ့ပြီး ၈ ပွဲကစားပြီးချိန်မှာ ၂ ဂိုးသွင်း ၆ ဂိုး ဖန်တီးဆိုတဲ့စွမ်းဆောင်ရည်နဲ့ ကြီးမားတဲ့သက်ရောက်မှုကို ပြသထားနိုင်တာဖြစ်ပါတယ်။
ယခု ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ ကွင်းလယ်လူဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိဘဲ အရန်ခုံမှာသာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီဘရိုင်း မပါဝင်သော်လည်း ဟာလန်းက အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲက ညံ့ဖျင်းခဲ့တဲ့စွမ်းဆောင်ရည်ကို ပြန်လည် ချေဖျက်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက “ဒီနေ့ ကီဗင်က သူ့ရဲ့တံကောက်ကြောနဲ့ပတ်သက်ပြီး ပြဿနာအနည်းငယ်ရှိနေပါတယ်။ ကျွန်တော်တို့ စွန့်စားမှုမပြုလုပ်ချင်လို့ သူ့ကိုမသုံးခဲ့တာပါ။ သူ အဆင်ပြေပါတယ်။ ကျွန်တော်တို့က ကြိုတင်ကာကွယ်မှုလုပ်ခဲ့တာပါ။ ဆရာဝန်ကလည်း ဒီဘရိုင်းဟာ ၅ လလောက်တောင်နားခဲ့ပြီးပြီဖြစ်လို့ အခုချိန်မှာတော့ စွန့်စားမှုမလုပ်ဖို့နဲ့ နောက်ပိုင်းမှာ အဆင်သင့်ဖြစ်နေမှာပါ လို့ပြောပါတယ်” လို့ပြောကြားခဲ့ပါတယ်။