
ယခုလအတွင်း အပြောင်းအရွှေ့မဖြစ်ပေါ်ပါက ယူနိုက်တက်နဲ့အတူ လေ့ကျင့်ရေးဆင်းသွားမယ့် ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်မှထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သူ့အနေနဲ့ ယခုလအတွင်း မပြောင်းရွှေ့ဖြစ်ခဲ့ပါက နောက်လမှာ အသင်းနဲ့အတူပဲ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှကြယ်ပွင့်ကစားသမားတွေကို ရောင်းချဖို့ပြင်ဆင်နေပြီး ရက်ရှ်ဖို့ဒ်အပါအဝင် အန်တိုနီ၊ ဂျေဒန်ဆန်ချိုနဲ့ အလီဂျန်ဒရိုဂါနာချိုတို့အတွက် ကမ်းလှမ်းမှုတွေကိုစောင့်မျှော်နေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်နဲ့ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပေမယ့် ကမ်းလှမ်းမှုတွေတော့ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ရာသီကြိုပွဲစဉ်တွေအတွက်ပြုလုပ်သွားမယ့် ဇူလိုင်လလေ့ကျင့်ရေးအစီအစဉ်တွေမှာ အင်္ဂလန်သားကို ပူးပေါင်းသွားစေဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။
အမေရိကန်သို့ထွက်ခွာသွားမယ့် ရာသီကြိုခရီးစဉ်မှာ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂါနာချိုနဲ့ အန်တိုနီတို့ကို ထည့်သွင်းဖို့ရှိမရှိကိုတော့ နည်းပြရူဘင်အာမိုရင်အနေနဲ့ အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ ချီကာဂို၊ နယူးယော့ခ်နဲ့ အတ္တလန္တာတို့ကို ထွက်ခွာသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာသို့ ကာလတိုအငှားချခဲ့ပြီး ကစားသမားဟာ ဗီလာအတွက် ၁၇ ပွဲကစားကာ ၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရက်ရှ်ဖို့ဒ်ရဲ့တန်ကြေးကို ယူနိုက်တက်က ပေါင်သန်း ၄၀ သတ်မှတ်ထားတယ်လို့သိရပါတယ်။