
ပရိသတ်တွေရဲ့အားပေးမှုကို ဆုဖလားနဲ့ပြန်ဆပ်မယ်လို့ ဆိုလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် အသင်းအနေနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ဖြစ်တယ်လို့ဆိုလာပြီး ပရိသတ်တွေအတွက် ဆုဖလားရယူပေးဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘီလ်ဘာအိုကို ၄-၁ နဲ့ထပ်မံအနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်တက်လှမ်းခဲ့ပါတယ်။ဗိုလ်လုပွဲကိုတော့ လာမယ့်မေလ ၂၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အာမိုရင်ရဲ့အသင်းဟာ တစ်ဖက်က ဘိုဒိုဂလင့်ကိုကျောဖြတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ခက်ခဲတဲ့ ဒီရာသီမှာ ပရိသတ်တွေအတွက် ကျွန်တော်တို့လုပ်ပေးနိုင်တဲ့နောက်ဆုံးအရာက ဒါပါပဲ။ သူတို့ရဲ့အားပေးမှုကို ပြန်လည်တုံ့ပြန်ပေးဖို့လိုပါတယ်။ ဗိုလ်လုပွဲအတွက် အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ။ ဒါပေမယ့် အနိုင်မရခဲ့ရင်တော့ ဘာမှအသုံးဝင်မှာမဟုတ်ပါဘူး။ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်လို့ ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ဟာ အဆင့် ၁၅ နဲ့ ၁၆ တွေမှာ အသီးသီးရပ်တည်နေကြပေမယ့် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့အသင်းက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမှာဖြစ်ပါတယ်။ ယခုရာသီမှာ တော့တင်ဟမ်ဟာ ယူနိုက်တက်ကို အတော်လေးအသာရနေပြီး ပရီးမီးယားလိဂ်မှာ ၂ ကြိမ်၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်အထိ အနိုင်ရထားတာဖြစ်ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ကျွန်တော်တို့ တော့တင်ဟမ်ကို ၃ ပွဲအထိရှုံးထားပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နိုင်မယ်ထင်ပါတယ်။ လက်ရှိရလဒ်တွေအရ ကျွန်တော်တို့က ဒီဆုဖလားကိုရဖို့ ပိုအားသာနေသလိုပါပဲ။ ဗိုလ်လုပွဲက ပရီးမီးယားလိဂ်နဲ့ လုံးဝမတူဘူးဆိုတာ ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘီလ်ဘာအိုက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ ထို့နောက်မှာတော့ လူစားဝင်ကစားသမား မေဆင်မောင့်ရဲ့သွင်းဂိုး ၂ ဂိုး၊ ကတ်စ်မဲရိုး၊ ဟွိုက်လန်းတို့ရဲ့သွင်းဂိုးတွေ ပြန်လည်ရရှိခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီသားနည်းပြက "အရမ်းကောင်းတဲ့ရလဒ်တစ်ခုပါ။ ဒါပေမယ့် ၂ ပွဲစလုံးက အရမ်းကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တွေအများကြီးရှိခဲ့ပေမယ့် နိုင်ပွဲနဲ့ထိုက်တန်တဲ့ ကြိုးစားမှုကိုတော့ ပြသနိုင်ခဲ့ပါတယ်။ ရလဒ်တွေအရရော၊ ခြေစွမ်းအရပါ ကျွန်တော်တို့ ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။