
တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် ဗက်ဇ်ကွက်ဇ်
ရီးရဲလ်မက်ဒရစ်နောက်ခံလူ လူးကပ်စ်ဗက်ဇ်ကွက်ဇ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးနဲ့ကစားရသွားရမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်ကို လွဲချော်သွားမယ်လို့ သိရပါတယ်။ ဗက်ဇ်ကွက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အက်သလက်တီကိုမက်ဒရစ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီး ပွဲပြီးကာနီး ၈၁ မိနစ်မှာ အသင်းဖော် လူကာမိုဒရစ်နဲ့ လူစားလဲခံခဲ့ရပါတယ်။
စပိန်လက်ရွေးစင်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ပွဲ ၃၀ အထိပါဝင်ကစားခွင့်ရထားကာ ၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။ အက်ဒီမီလီတာအို၊ ဒန်နီကာဗာဂျယ်၊ ဒေးဗစ်အလာဘာနဲ့ အန်တိုနီယိုရူဒီဂါတို့လို ခံစစ်ကစားသမားတွေဒဏ်ရာပြဿနာကြုံတွေ့နေရချိန် ဗက်ဇ်ကွက်ဇ်ရဲ့ဒဏ်ရာဟာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပလေးအော့ဖ် ပထအကျော့ပွဲစဉ်ကို မန်စီးတီးရဲ့အိမ်ကွင်း အီတီဟတ်သို့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဗက်ဇ်ကွက်ဇ်နေရာမှာ အစားထိုးဖို့ ဖရန်ဂါစီယာနဲ့ ဖာလန်းမန်ဒီတို့သာ ရှိနေတာဖြစ်ပါတယ်။ ဗက်ဇ်ကွက်ဇ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်က "အသင်းရဲ့ဆေးအဖွဲ့စစ်ဆေးချက်အရ လူးကပ်စ်ဗက်ဇ်ကွက်ဇ်ဟာ ဘယ်ဘက်တံကောက်ကြောကြွက်သား ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကစားသမားဟာ မန်ချက်စတာသို့ထွက်ခွာသွားမယ့် အသင်းရဲ့လူစာရင်းမှာ ပါဝင်မှာမဟုတ်ပါဘူး" လို့ထုတ်ပြန်ထားခဲ့ပါတယ်။