The network connection is lost.
မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့်နောက်ခံလူ ဂျာရတ်ဘရိတ်ဝိတ်ကို ခေါ်ယူဖို့ အဲဗာတန်အသင်းနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူချက် ရရှိထားပြီး ပြောင်းရွှေ့ကြေးကိုတော့ အဲဗာတန်နဲ့ညှိနှိုင်းနေဆဲဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်း သတင်းတွေအရ အဲဗာတန်ဟာ အသင်းရဲ့အဓိကနောက်ခံလူကို ရောင်းချဖို့ စိတ်ဝင်စားပေမယ့် ကစားသမားရဲ့တန်ကြေးကိုတော့ ပေါင်သန်း ၇၀ ကျော်အထိ သတ်မှတ်ထားတယ်လို့သိရပါတယ်။ ဘရိတ်ဝိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားမယ့် အင်္ဂလန်အသင်းရဲ့ ပဏာမလူစာရင်းမှာ ပါဝင်ခဲ့သော်လည်း အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းမှာတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ အသင်းရဲ့နောက်တန်းပိုင်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေတာကြောင့် အသက်-၂၁ နှစ်အရွယ် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်အသင်းရဲ့ နွေရာသီထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ကစားသမားကို ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ယူနိုက်တက်ကတော့ ခေါ်ယူဖို့ယုံကြည်ချက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဘရိတ်ဝိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အဲဗာတန်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူကာ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်စေဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ကူညီပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ရာဖေးလ်ဗာရာနီနေရာမှာ အစားထိုးဖို့ နောက်ခံကစားသမား အများအပြားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တန်ဟက်ရဲ့အသင်းဟာ ဘရန့်ဝိတ်အပြင် နိုက်စ်ကြယ်ပွင့် ဂျင်ကလဲတိုဒီဘိုကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။