ဘိုင်ယန်စတားကို ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ဂျ်ကို ၅ နှစ်စာချုပ်နဲ့ကမ်းလှမ်းထားပြီး ဆွေးနွေးမှုတွေဆက်လုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန်သားကို အခုအပတ်အစောပိုင်းတုန်းက ချိတ်ဆက်လာခဲ့တာဖြစ်ပြီး တန်ဟက်ကလည်း တပည့်ဟောင်းဖြစ်သူကို ပရီးမီးယားလိဂ်ထံ ခေါ်ယူချင်နေပါတယ်။
ဒီလစ်ဂျ်ဟာ ၂၀၂၂ တုန်းက ဘိုင်ယန်အသင်းထံ ပေါင် ၆၈ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၆ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သလို ဘိုင်ယန်ကလည်း ပထမဆုံးအကြိမ်လိဂ်ဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ အေဂျက်စတားဟောင်းဟာ နွေရာသီယူနိုက်တက်ရဲ့ထိပ်တန်းပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပြီး အခြားတစ်ဖက်မှာလည်း ယူနိုက်တက်က အဲဗာတန်စတား ဘရန်ဝိတ်နဲ့ နိုက်စ်စတား တိုဒီဘိုတို့ကို ပစ်မှတ်ထားနေပါတယ်။
နယ်သာလန်သတင်းဌာန ဒီတယ်လီဂရက်ဖ်ကတော့ ယူနိုက်တက်ဟာ ဒီလစ်ဂျ်နဲ့သဘောတူညီမှုရယူနိုင်ဖို့ နီးစပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ ဆွေးနွေးမှုတွေ ဆက်လုပ်နေဆဲဖြစ်ပြီး အသက် ၂၄ နှစ်သားဟာ ဘိုင်ယန်နဲ့ ၃ နှစ်စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။
၂၀၁၈ တုန်းက တန်ဟက်ဟာ ဒီလစ်ဂျ်နဲ့အတူ အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်အမှတ်ပေးဖလား နဲ့ လိဂ်ဖလားတို့ကိုရယူနိုင်ခဲ့ပါတယ်။ နယ်သာလန်သားကလည်း သူ့အနေနဲ့ အသင်းဟောင်းကစားသမားတွေနဲ့ ဖုန်းပြောဆိုမှုတွေရှိတယ်လို့ ပြောကြားထားခဲ့ပါတယ်။
ဒီလစ်ဂျ်အနေနဲ့ ယူနိုက်တက်ကိုပြောင်းလာဖြစ်ရင် အန်တိုနီ ၊ ဗန်ဒီဘိခ် ၊ အဲရစ်ဆင် ၊ မာတီနက်ဇ်၊ အိုနာနာတို့နဲ့လည်း ပြန်လည် ပေါင်းဆုံရမှာဖြစ်ပါတယ်။ ဒီလစ်ဂျ် အပြောင်းအရွှေ့က ယူနိုက်တက်အနေနဲ့ အဲဗာတန်စတားကို ဆွဲဆောင်ဖို့ အကျိုးသက်ရောက်မှုမရှိနိုင်တာဖြစ်ပါတယ်။
အသင်းဘက်ကတော့ ဘရန်ဝိတ်အတွက် နောက်တစ်ကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ အဲဗာတန်ဘက်ကတော့ အသက် ၂၁ နှစ်သားအတွက်ပေါင်သန်း ၇၀ နီးပါးလောက်အလိုရှိနေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခံစစ်ပြဿနာကြောင့် နောက်တန်းကို ပြင်ဆင်မှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ကက်စ်မဲရိုးကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး အခြားတစ်ဖက်မှာ ဗာရာနီက ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီဖြစ်ကာ စီးရီးအေတန်းတက် ကိုမိုအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။