The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ ၂၀၃၀ အထိစာချုပ်သက်တမ်းတိုးမြှင့်သွားမယ့် အာမက်

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် အာမက်ဒီယာလိုဟာ ထိပ်တန်းကလပ် ၂ ခုရဲ့စောင့်ကြည့်ခြင်းကို ခံနေရာသော်လည်း အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ထားတာကြောင့် ယခုတစ်ပတ်အတွင်းမှာပဲ အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှုရရှိထားပြီလို့သိရပါတယ်။ 

ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာကတည်းက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပြီး ယခုအခါမှသာ သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။ ကစားသမားအနေနဲ့ ၂၀၃၀ ခုအထိစာချုပ်သစ် ချုပ်ဆိုသွားမယ့်အပြင် နောက်ထပ် ၁ နှစ်အပိုရွေးချယ်ခွင့်လည်းရရှိသွားမှာဖြစ်ပါတယ်။ 

အတ္တလန္တာကြယ်ပွင့်ဟောင်းဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားထားနိုင်ပြီး ပြီးခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးအပါအဝင် စုစုပေါင်း ၆ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် အာမက်ဟာ နည်းပြသစ် ရူဘင်အာမိုရင်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်နေပြီး ပေါ်တူဂီသားအတွက် အားကိုးရတဲ့ကစားသမားတစ်ယောက်အဖြစ်လည်း ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ မကြာမီရက်ပိုင်းမှာပဲ အာမက်ကို စာချုပ်သက်တမ်းတိုးမြှင့်ပြီးကြောင်း အတည်ပြုကြေညာသွားဖွယ်ရှိနေပါတယ်။ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်တစ်ယောက် အာမက်ကို ဆက်လက်ပွဲထုတ်အသုံးပြုသွားမှာဖြစ်ပါတယ်။