
ဘရိုက်တန်ကြယ်ပွင့် အမ်ဘွေမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တောင်ပံကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကိုခေါ်ယူဖို့ နီးစပ်လာပြီး နှစ်ဘက်အသင်းကြား ဆွေးနွေးညှိနှိုင်းမှုတွေက အတော်လေးအားကောင်းနေတယ်လို့သိရပါတယ်။
ဘရန့်ဖို့ဒ်အနေနဲ့ လက်ရှိယူနိုက်တက်ကကမ်းလှမ်းထားတဲ့ ကနဦးပြောင်းရွှေ့ကြေးကို သဘောတူညီပြီးဖြစ်ပြီး ယခုအခါမှာတော့ အပိုဆုကြေးအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ သတင်းတွေကဆိုပါတယ်။ The Guardian သတင်းဌာနရဲ့အဆိုအရ အမ်ဘွေမိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲအထိ ရရှိသွားနိုင်တယ်လို့သိရပြီး အဆိုပါလစာပမာဏဟာ ယခုနွေရာသီအတွင်း ယူနိုက်တက်သို့စတင်ရောက်ရှိလာတဲ့ ဝုဗ်ကြယ်ပွင့် မားသီးယက်စ်ကွန်ညာနဲ့ တူညီနေတယ်လို့သိရပါတယ်။ အမ်ဘွေမိုကိုသာထပ်မံခေါ်ယူနိုင်ခဲ့ပါက ယူနိုက်တက်ရဲ့ ဒီနွေရာသီအသုံးစရိတ်ဟာ ပေါင် ၁၂၅ သန်းအထိရှိလာမှာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိရယူနိုင်ခဲ့တဲ့ အမ်ဘွေမိုကို တော့တင်ဟမ်ကလည်း စိတ်ဝင်စားနေကြောင်းဖော်ပြခဲ့ပေမယ့် ကင်မရွန်းလက်ရွေးစင်ဟာ ယူနိုက်တက်သို့သာပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တော့တင်ဟမ်အနေနဲ့ အမ်ဘွေမိုကိုမရပါက ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဘရီချီအီဇီကို ထပ်မံချဉ်းကပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့သာအာရုံစိုက်နေတဲ့ယူနိုက်တက်ဟာ နောက်ထပ်ပစ်မှတ်အနေနဲ့ ချဲလ်ဆီးတောင်ပံကစားသမား ခရစ္စတိုဖာအန်ကွန်ကူကို စောင့်ကြည့်နေပေမယ့် အခုချိန်အထိတော့ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ရခြင်းမရှိသေးပါဘူး။
မလေးရှားနဲ့ဟောင်ကောင်တို့ကိုထွက်ခွာပြီး ခြေစမ်းပွဲစဉ်တွေကစားခဲ့တဲ့ ယူနိုက်တက်ကစားသမားတွေဟာ လောလောဆယ်မှာတော့ နွေရာသီအားလပ်ရက်ကို ကုန်ဆုံးနေပြီး ဇူလိုင်လအလယ်လောက်မှသာ ရာသီကြိုပွဲစဉ်တွေအတွက် အသင်းနဲ့ပြန်လည်ပူးပေါင်းသွားကြမှာဖြစ်ပါတယ်။