
ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဆုဖလားအောင်မြင်မှုမရခဲ့သလို၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်းလွဲချော်ခဲ့ပေမယ့် စံချိန်တင်ဝင်ငွေအဖြစ် ပေါင် ၆၆၆.၅ သန်းအထိ ရရှိခဲ့တယ်လို့သိရပါတယ်။ စံချိန်တင်ဝင်ငွေရရှိခဲ့ပေမယ့်လည်း ယူနိုက်တက်ဟာ ဘဏ္ဍာရေးအရတော့ ပေါင် ၃၃ သန်းလောက်အထိ အရှုံးပေါ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ဟာ ၅၁ နှစ်အတွင်း ပရီးမီးယားလိဂ် အနိမ့်ဆုံးရပ်တည်မှုနဲ့ကြုံတွေ့ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာကြောင့် ပေါင်သန်း ၅၀ လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ဝင်ငွေတိုးတက်မှုမှာ ၀.၇ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တွက်ချက်မှုများအရ ယခင် ၁၂ လနဲ့နှိုင်းယှဉ်ပါက ပေါင် ၆၉.၃ သန်းမှ ပေါင် ၁၈.၄ သန်းအထိ ဝင်ငွေကျဆင်းခဲ့တယ်လို့ဆိုပါတယ်။
ကလပ်ရဲ့ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ကြီးကြပ်မှုနဲ့အတူ ယူနိုက်တက်ရဲ့ ဆုံးရှုံးမှုတွေဟာ ပေါင် ၁၁၃.၂ သန်းမှ ပေါင် ၃၃ သန်းအထိ ကျဆင်းသွားခဲ့ပြီး မတ်လမှာ ရက်ကလစ်ဖ်က အသင်းဟာ စီးပွားရေးလုပ်ငန်းအနေနဲ့ လမ်းချော်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရက်ကလစ်ဖ်က သူ့အနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေမပြုလုပ်ခဲ့ပါက ယူနိုက်တက်ဟာ ခရစ္စမတ်ကာလမှာ စီးပွားရေးအရ ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ကြုံတွေ့နိုင်ရကြောင်း သတိပေးခဲ့ပါတယ်။
အသင်းရဲ့စီအီးအို အိုမာဘရာဒါကတော့ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပုံစံကောင်းနဲ့ရှေ့ဆက်သွားနေကြောင်း "၂၀၂၅-၂၆ ဘောလုံးရာသီကိုရောက်ရှိလာချိန်မှာ ကျွန်တော်တို့ ကလပ်ရဲ့ကဏ္ဍအားလုံး တိုးတက်လာစေဖို့ ကြိုးစားနေကြပါတယ်။ ကွင်းထဲမှာ ကျွန်တော်တို့ ကစားသမားသစ်တွေ အင်အားဖြည့်တင်းနိုင်ခဲ့သလို၊ ကွင်းပြင်ပမှာလည်း အားကစားနဲ့ စီးပွားရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မယ့် အဖွဲ့အစည်းကို စနစ်တကျတည်ဆောက်ထားနိုင်ပါတယ်။ အခုလိုခက်ခဲတဲ့ နှစ်တွေမှာတောင် ကျွန်တော်တို့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ကစားသမားသစ်တွေခေါ်ယူနိုင်တာက အသင်းရဲ့ခံနိုင်ရည်ကို ပြသသလိုဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဥရောပဝင်ခွင့်နဲ့လွဲချော်ထားပေမယ့် ယခု ၂၀၂၅-၂၆ ရာသီမှာ ဘဏ္ဍာရေးအရ ပေါင်သန်း ၆၄၀ မှ ၆၆၀ အထိဝင်ငွေရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။