
လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် ချာကီကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်လာတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ လိုင်ယွန်ကွင်းလယ်ကြယ်ပွင့် ရာယန်ချာကီကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။လီဗာပူးအသင်းရဲ့ လက်ထောက်နည်းပြ ပက်လင်ဒါစ်ကိုခေါ်ယူခဲ့တဲ့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ ယခုအခါမှာတော့ ပက်လင်ဒါစ်ရဲ့ဦးဆောင်မှုနဲ့အတူ ချာကီကိုခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။
အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဥရောပထိပ်သီးကလပ်အချို့ရဲ့စောင့်ကြည့်ခြင်းကိုခံနေရသူဖြစ်ပါတယ်။ သတင်းတွေအရ မန်စီးတီးဟာ ချာကီကိုခေါ်ယူဖို့ ပေါင် ၃၅ သန်းဝန်းကျင် အသုံးပြုရနိုင်တယ်လို့သိရပါတယ်။
ချာကီဟာ ပြီးခဲ့တဲ့နွေရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း ပြင်သစ်ယူ-၂၃ အသင်းနဲ့အတူ ငွေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရွေးစင်အသင်းမှာတော့ ပါဝင်ခွင့်မရသေးပါဘူး။သို့သော်လည်း ယခုအခါမှာတော့ ကွင်းလယ်ကြယ်ပွင့်ဟာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရပြီဖြစ်လို့ စပိန်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူအီးအက်ဖ်အေနေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ အလားအလာရှိပါတယ်။
ပြီးခဲ့တဲ့လမှာ ချာကီက သူ့အနေနဲ့ နွေရာသီမှာ လိုင်ယွန်မှထွက်ခွာရပါကလည်း အသင်းရဲ့နာမည်ဟာ သူ့ရဲ့နှလုံးသားထဲမှာ ထာဝရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုစဉ်က အနာဂတ်မှာဘာတွေဖြစ်လာနိုင်သလဲလို့မေးမြန်းခဲ့ရာ ပြင်သစ်သားက "ကျွန်တော်မသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အသင်းအတွက် အပြည့်အဝပေးဆပ်ဖို့တော့ ပြင်ဆင်ထားပါတယ်။ လိုင်ယွန်အတွက် လုပ်ပေးနိုင်တာမှန်သမျှကိုလည်း လုပ်ပေးခဲ့ပြီးပါပြီ။ ဒီအသင်းကို ကျွန်တော်ဘယ်တော့မှမမေ့ပါဘူး။ နှလုံးသားထဲမှာအမြဲတမ်းရှိနေမှာပါ"
"ဒီအသင်းကနေ ကစားသမားတွေအများကြီးထွက်သွားချိန်မှာ ကျွန်တော်ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်နောင်တမရပါဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဒီအသင်းအတွက် နောက်ဆုံးမိနစ်အထိ ပေးဆပ်သွားပါမယ်။ ကျွန်တော့်ဘဝမှာ ဘောလုံးအသင်းဆိုတာ လိုင်ယွန်တစ်သင်းပဲရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မန်စီးတီးဟာ ချာကီသာမက အေစီမီလန်တိုက်စစ်မှူး ရင်ဒါစ်ကိုလည်း ပေါင်သန်း ၅၀ နဲ့ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့သိရပါတယ်။ မန်စီးတီးဟာ လာမယ့်ဇွန်လ ၁၈ ရက်နေ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီမှာပဲ ရင်ဒါစ်ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာရဲ့အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူ မော်ဂန်ဂစ်ဝှိုက်ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေဆဲဖြစ်ပါတယ်။