
တိုက်စစ်က ပိုကောင်းတာတွေလာဦးမှာဖြစ်တယ်လို့ အာဆင်နယ်စတားပြောကြား
အာဆင်နယ်တောင်ပံကစားသမား မာဒူကီက နော်တင်ဟမ်ကို ၃ ဂိုးပြတ်နဲ့အနိုင်ရပြီးနောက် တိုက်စစ်က ပိုကောင်းတာတွေလာဦးမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မာဒူကီဟာ တိုက်စစ်မှာ အီဇီး ၊ ယိုကရက်စ်တို့နဲ့အတူ ပွဲထွက်လာခဲ့တာဖြစ်ပြီး ပွဲတစ်လျှောက်လုံးပြိုင်ဘက်ခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို မာဒူကီရဲ့ထောင့်ကန်ဘောကနေ ပြန်ကျလာတာကို အသင်းဖော် ဇူဘီမန်ဒီက လှပပြင်းထန်တဲ့မြေမကျကန်ချက်နဲ့ ကန်သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့နောက် တိုက်စစ်မှူး ယိုကရက်စ် နဲ့ ဇူဘီမန်ဒီတို့ကပဲ နောက်ထပ်ဂိုးတွေကိုသွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်တောင်ပံ ၂ ဖက်က နော်တင်ဟမ်ရဲ့ခံစစ်တန်းကို အလုပ်ရှုပ်အောင် လုပ်နိုင်ခဲ့ပါတယ်။နိုင်ငံတကာရက်သတ္တပတ်ရှိနေတာကြောင့် အသင်းဖော်တွေနဲ့ လေ့ကျင့်ချိန်အများကြီးမရှိပေမယ့် မာဒူကီက တိုက်စစ်ကနေ အများကြီးထပ်လာဦးမယ်လို့ ခံစားနေရပါတယ်။
“အဲ့တာက အလိုအလျောက်လို့ ထင်ပါတယ်။ ကျွန်တော် နဲ့ အီဘရီချီတို့က ကစားတာဆင်တူသလို အများကြီးမတွေးပါဘူး။ ကျွန်တော်တို့ မြင်သလောက်ပဲကစားပါတယ်။ မီခေးလ်ကလည်း ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ်ပေးကစားထားပါတယ်။ ပြီးတော့ အင်တိုက်အားတိုက် နဲ့ အပေါင်းလက္ခဏာဆောင်အောင် ကြိုးစားပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ဒီနေ့ထက် ပိုများတဲ့ဂိုးတွေလာဦးမှာပါ။ ဒါပေမယ့် ဒါက process တစ်ခုပါ။ ကျွန်တော်တို့ ဒီရာသီ ၄ ပွဲဝင်လာပါပြီ။ လာမယ့်အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲကန်ရဦးမှာပါ။ ရာသီဆက်သွားနေသမျှ အာဆင်နယ်ရဲ့တိုက်စစ်စွမ်းရည်ကို မြင်လာရမှာပါ”လို့ မာဒူကီက ပြောကြားခဲ့ပါတယ်။
အင်္ဂလန်သား ဘောလုံးရချိန်တိုင်းမှာ စိတ်လှုပ်ရှားစရာတွေပြည့်နေပြီး ဖောရက်စ်နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပထမပိုင်းမှာတင် မာဒူကီတစ်ယောက် ဖြတ်ကျော်မှု ၁၀ ကြိမ်အထိ လုပ်နိုင်ခဲ့ပြီး အဆိုပါပမာဏက ၂၀၀၉ တုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာ အာဆင်နယ်စတားဟောင်း နာဆရီလုပ်နိုင်တာထက်ပိုခဲ့တာဖြစ်ပါတယ်။ အသင်းပရိသတ်တွေကတော့ ပထမပိုင်း ၄၅ မိနစ်မှာ သူ့နာမည်ကို သီချင်းသီဆိုခဲ့ကြပြီး မာဒူကီကလည်း အသင်းနဲ့အလျင်အမြန်အထိုင်ကျလို့ ဝမ်းသာနေပါတယ်။
“အဲ့တာကြောင့် ကျွန်တော်ဒီလိုပွဲတွေကစားတာပါ။ အသင်းအနိုင်ရအောင် ကူညီပေးချင်ပါတယ်။ ဒါပေမယ့် လာကြည့်တဲ့ပရိသတ်တွေကိုလည်း နှစ်သက်မှုပေးချင်ပါတယ်။ ပထမဆုံးအကြိမ်ဘယ်သူကြည့်နေလဲဆိုတာ ခင်ဗျားမသိနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်စိတ်ထဲမှာ ပရိသတ်တွေကို ပေးချင်တာပဲရှိပါတယ်။ ဗီလာရီးရဲလ်နဲ့ ရာသီကြိုပွဲကတည်းက အာဆင်နယ်ပရိသတ်တွေက အချစ်တွေပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် အရမ်းပျော်နေပြီး ဆက်လက်ပြီးလည်း စွမ်းဆောင်ရည်ကောင်းတွေပြသချင်ပါတယ်”လို့ မာဒူကီက ထပ်လောင်းပြောကြားခဲ့ပါတယ်။