
The network connection is lost.

ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကစားသမား ၂၆ ဦး စာရင်းအတွင်း တော့တင်ဟမ် ကွင်းလယ်ကစားသမား မက်ဒီဆင် မပါဝင်နိုင်တော့ဘူးလို့ The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
အသက်-၂၇ နှစ်အရွယ်ကစားသမားက ဆောက်ဂိတ်ရဲ့ ပဏာမလက်ရွေးစင်ကစားသမား ၃၃ ဦးစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပြိုင်ပွဲကြီးဆီ သူ့ကိုခေါ်ယူသွားရေးအတွက် နည်းပြစိတ်ကြိုက်စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့လို့ အခုလိုချန်လှပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ မက်ဒီဆင်က ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားကို အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်မှာ မိနစ် ၃၀ ကြာ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် တောက်ပတဲ့ခြေစွမ်းမျိုးပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
တော့တင်ဟမ်ကွင်းလယ်ဗိုလ်ချုပ်က ဆောက်ဂိတ်ရဲ့ စိတ်ကြိုက်ကစားသမားစာရင်းမှာ ဘယ်တုန်းကမှ မပါဝင်နိုင်ခဲ့ပါဘူး။ ဆောက်ဂိတ်က ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း သုံးနှစ်ကြာ လက်ရွေးစင်အသင်းဆီ သူ့ကို မခေါ်ယူခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်၊ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာတော့ မက်ဒီဆင်ပါဝင်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် မရရှိခဲ့ပါဘူး။
၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ယူကရိန်းနဲ့ယှဉ်ပြိုင်ရတဲ့ ယူရိုခြေစစ်ပွဲမှာသာ မက်ဒီဆင်အနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ သူက လက်ရွေးစင်အဆင့် ခုနစ်ပွဲသာ ကစားထားနိုင်ပြီး ဒါက သူ့ရဲ့အရည်အချင်းကို ထည့်သွင်းစဉ်းစားပေးနိုင်ဖို့ အလွန်နည်းပါးတဲ့ အခြေအနေတစ်ရပ်သာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း တော့တင်ဟမ်ဆီ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူက နည်းပြပိုစတီကိုဂလူ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ၂၈ ပွဲကစား၊ လေးဂိုးသွင်း၊ ကိုးကြိမ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ၊ ချဲလ်ဆီးနဲ့ပွဲစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိကာ သုံးလကြာအနားယူရပြီးနောက် သူ့ရဲ့တောက်ပနေတဲ့ဘောလုံးရာသီက အနှောင့်အယှက်တွေနဲ့ ကြုံတွေ့လာရပါတယ်။
ဆောက်ဂိတ်ရဲ့ ကိုဗင်ထရီဖွားကြယ်ပွင့်ကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ချက်က နည်းပြနဲ့ ကစားသမားအကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားလာစေဖို့ နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ တဖက်မှာတော့ ဆောက်ဂိတ်အတွက် ယူရိုပြိုင်ပွဲကြီးမတိုင်ခင် ခံစစ်ပိုင်းမှာ ကြီးမားတဲ့အင်အားဖြည့်တင်းမှုတစ်ခု ရှိလာခဲ့ပါတယ်။
ယူရိုပြိုင်ပွဲကြီးစတင်ဖို့ ရက်ပိုင်းအလိုမှာပဲ ကာလရှည်အနားယူနေရတဲ့ ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှော အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနိုင်ရေး ကြိုးစားလုပ်ဆောင်နေပါတယ်။ ဘယ်အစွန်နောက်ခံလူ နေရာက အင်္ဂလန်အသင်းအတွက် စိုးရိမ်ရမယ့်နေရာတစ်ခု ဖြစ်နေပေမယ့် လုခ်ရှော ပြန်လာနိုင်မှုက အသင်းအတွက် သိသာထင်ရှားတဲ့တိုးတက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းက ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးသွေးပူလေ့ကျင့်ခန်းအဖြစ် အခုလာမယ့်သောကြာနေ့၊ ဝင်ဘာလေကွင်းအတွင်း အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကို ဧည့်ခံကစားသွားပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့က အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်မှာ ဆာဘီးယားနဲ့ စတင်ယှဉ်ပြိုင်ကစားပြီး ဇွန် ၂၀ နဲ့ ဇွန် ၂၅ ရက်တို့်မှာ ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။