The network connection is lost.

Banner Image

ဒဏ်ရာ မသက်သာသေးတာကြောင့် ဒိန်းမတ်နဲ့ ပွဲစဉ်ကိုလည်း လွဲချော်သွားမယ့် လုခ်ရှော

အင်္ဂလန်အသင်းရဲ့အဓိက ဘယ်နောက်ခံလူ လုခ်ရှောဟာ ကာလရှည် ဒဏ်ရာပြဿနာနဲ့ကြုံတွေ့နေရပြီး ယခုအခါမှာလည်း ပါဝင်ကစားဖို့  အဆင်သင့်မဖြစ်သေးတာကြောင့် လာမယ့်ဒိန်းမတ်နဲ့ ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပေမယ့် နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ ကစားသမားဟာ ကြံ့ခိုင်မှုတည်ဆောက်ဖို့အတွက် လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့ အသိပေးလာခဲ့ပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို အင်္ဂလန်အသင်းမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ သေချာမှုမရှိပေမယ့် ယူရိုပြိုင်ပွဲအတွက် လူစာရင်းမှာတော့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လုခ်ရှောဟာ ဒဏ်ရာကြောင့် အသင်းဖော်တွေနဲ့တောင် လေ့ကျင့်ရေးမဆင်းနိုင်တာကြောင့် ဒိန်းမတ်နဲ့ပွဲစဉ်ကိုလည်း ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အင်္ဂလန်က အတည်ပြုထားပါတယ်။

အင်္ဂလန်ရဲ့နောက်တန်းပိုင်းဟာ တစ်သင်းလုံးနဲ့ယှဉ်လိုက်ရင် အတော်လေးအားနည်းနေပြီး အထူးသဖြင့် ဘယ်နောက်ခံနေရာက ထရစ်ပီယာဟာ ဘယ်သန်မဟုတ်တာကြောင့် လုခ်ရှောလောက်ခြေစွမ်းမရှိဘဲ ဆားဘီးယားနဲ့ ပွဲစဉ်မှာလည်း အခက်အခဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လုခ်ရှောကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် အထူးခြေစွမ်းပြခဲ့ပြီး ဗိုလ်လုပွဲမှာလည်း အသင်းအတွက် အလွန်အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆောက်ဂိတ်က “မနက်ဖြန်ပွဲစဉ်မှာ လုခ်ရှောပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူကပုံမှန်ခြေစွမ်းရဖို့ လမ်းကြောင်းမှန်ပေါ်မှာရောက်နေပါပြီ။ ကျွန်တော်တို့ ဒါကိုအရှိန်မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ပြီး မကြာခင်မှာပဲ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနိုင်တော့မှာပါ။ သူ့မှာ အခြားကစားသမားတွေထက်ပိုလုပ်ရမှာတွေရှိတာကြောင့် အချိန်ပေးရပါမယ်။ အခုကတော့ သူ့အစီအစဉ်နဲ့သူ လုပ်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ လုခ်ရှောဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၁၅ ပွဲသာပါဝင်ကစားနိုင်ခဲ့ပြီး ဖေဖော်ဝါရီလနဲ့ မေလအကြားမှာလည်း ကွင်းထဲသို့ခြေချနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ခံလူဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲအထိ လွဲချော်ခဲ့ပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒိန်းမတ်နဲ့ပွဲစဉ်မှာ မပါဝင်နိုင်ပေမယ့် ရှောအနေနဲ့ စလိုဗေးနီးယားနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။ အသက်-၂၈ နှစ်အရွယ် ကစားသမားဟာ ဆားဘီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် လူစားလဲဝင်ရောက်ခွင့်တော့မရခဲ့ပါဘူး။