
ရလဒ်တွေ ဆိုးဝါးနေတဲ့နည်းပြ ဂတ်တူဆိုကို ထုတ်ပယ်လိုက်တဲ့ မာဆေးလ်
မာဆေးလ်အသင်းဟာ ၅ လကြာကိုင်တွယ်ခဲ့တဲ့နည်းပြ ဂန်နာရိုဂတ်တူဆိုကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ လစ်လပ်နေတဲ့နေရာကို ပီအက်စ်ဂျီ လက်ထောက်နည်းပြဟောင်း ဂျန်လူးဝစ်ဂတ်စ်ဆက်က ရာသီမကုန်ခင်အထိ ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဂတ်တူဆိုနဲ့ ၂ ဦးသဘောတူလမ်းခွဲခဲ့ပါပြီ။ အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ သူအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ မာဆေးလ်အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဘရက်စ်အသင်းကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ၂ ရက်အကြာမှာပဲ အခုလိုမျိုးထုတ်ပယ်တဲ့အနေအထားဖြစ်လာခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ ဇယားအောက်ခြေကပ်နေပါပြီ။ အခုလိုဖြစ်နေချိန်မှာ ခင်ဗျားအနေနဲ့ တာဝန်ယူမှုရှိရပါမယ်။ အဲ့တာက ကျွန်တော်တာဝန်ယူရမှာပါ။ ဘာမှဆက်ပြောစရာမရှိပါဘူး။ အမှတ်ပေးဇယားလား။ အနောက်ကို ကြည့်တာထက်စာရင် ရှေ့ဆက်သွားရမှာပါ။ ကျွန်တော်တို့ ဥရောပပြိုင်ပွဲအကြောင်းပြောမှာမဟုတ်ပါဘူး။ အမှတ်ပေးဇယားမှာအဆင်ပြေဖို့ ရလဒ်လိုအပ်နေပါတယ်”လို့ ဂတ်တူဆိုက ပြောကြားခဲ့ပါတယ်။
မာဆေးလ် နဲ့ ဂတ်တူဆိုတို့အကြားမှာ ၂ ဦးသဘောတူ လမ်းခွဲဖို့ ဥပဒေပိုင်းဆိုင်ရာလုပ်ဆောင်နေပြီး အစားထိုးမယ့်သူရှာဖွေနေပါတယ်။ ၂၂ ပွဲကစားပြီးနောက် မာဆေးလ်အသင်းဟာ ထိပ်ဆုံးနေရာက ပီအက်စ်ဂျီ နဲ့ ၂၃ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။