
အောင်ပွဲနဲ့အတူ မမေ့နိုင်စရာဘောလုံးရာသီကို အဆုံးသတ်ကြဖို့ ပီအက်စ်ဂျီကစားသမားတွေဆီ တိုက်တွန်းလိုက်တဲ့ လူးဝစ်အင်းနရစ်
ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့၊ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က သမိုင်းသစ်ရေးထိုးကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းလိုက်ပါတယ်။
အင်တာမီလန်ကို ငါးဂိုးပြတ်အနိုင်ယူကာ အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆုဖလား ရယူပြီးနောက် ပီအက်စ်ဂျီကို ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းအဖြစ် ချီးကျူးမှုတွေ ရှိလာခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ရဲ့အသင်းကလည်း ဒီအကောင်းဆုံးပုံစံကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သယ်ဆောင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လို ပြိုင်ဘက်ကောင်းတွေကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်လှမ်းလာခဲ့ပါတယ်။
ဗိုလ်လုပွဲအတွက် MetLife Stadium ကွင်းမှာ ချဲလ်ဆီးက စောင့်ကြိုနေပြီး အခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့ သူ့ရဲ့အသင်းဆီ လူးဝစ်အင်းနရစ်က တိုက်တွန်းထားပါတယ်။
စပိန်သားနည်းပြက “ ချန်ပီယံလိဂ်က ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး အလွန်အရေးကြီးခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်၊ ပါရီမြေဆီ ကျွန်တော်တို့ရောက်ရှိလာချိန် ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။
ပြီးတော့ အခုသီတင်းပတ်၊ တနင်္ဂနွေနေ့မှာလည်း အခုဘောလုံးရာသီရဲ့နောက်ဆုံးပွဲစဉ်နဲ့အတူ နောက်ထပ်အခွင့်အလမ်းတစ်ရပ် ရှိနေပါသေးတယ်။ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးပေါ့။ ဒါပေမဲ့ ပွဲစဉ်ရဲ့ခက်ခဲနိုင်မှုအပေါ် ကျွန်တော်တို့တွေ သတိရှိနေဖို့လည်း အရေးကြီးပါတယ်။
အန်ဇိုမာရက်စ်ကာဆိုတာ ကျွန်တော် နှစ်သက်သဘောကျရတဲ့ နည်းပြတစ်ဦးပါ။ သူ့ရဲ့ဘောလုံးအပေါ်ထားရှိတဲ့ အတွေးအခေါ်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ သူတို့ဆီမှာ ကစားသမားကောင်းတွေ အများကြီးရှိသလို တာဝန်ကျေပွန်မှုလည်း ရှိကြပါတယ်။ ကျွန်တော်တို့အသင်းနဲ့ အတော်လေးတူညီတဲ့အသင်းတစ်ခု ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုလည်း အရမ်းကောင်းပါတယ်။ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရနိုင်တဲ့ အတော်လေးခက်ခဲမယ့် ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ချဲလ်ဆီးက ကွန်ဖရန့်လိဂ်ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အဆင့်-၄ နေရာ ရရှိခဲ့ပါတယ်။ သူတို့တွေ အများကြီးတိုးတက်လာပါတယ်။ အမြဲတမ်းဖိအားပေးပြီး ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားကာ အမြဲတမ်းလိုလို တိုက်စစ်ဆင်လိုနေတဲ့ ကစားပုံကြောင့် ကျွန်တော် အရမ်းကြိုက်နှစ်သက်တဲ့ နည်းပြတစ်ဦးနဲ့အတူ နည်းစနစ်ပိုင်းကျွမ်းကျင်တဲ့ကစားသမားကောင်းတွေ ချဲလ်ဆီးမှာ ရှိပါတယ်။
သူတို့က စိတ်ကူးယဉ်ဆန်ဆန်ဘောလုံးရာသီတစ်ခုကို ဖန်တီးနိုင်ခဲ့သလို ပြီးပြည့်စုံတဲ့အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ လွယ်ကူတဲ့အသင်းဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း သမိုင်းဝင်ဘောလုံးရာသီတစ်ခုကို အခမ်းနားဆုံးပိတ်သိမ်းနိုင်ဖို့ ရာနှုန်းပြည့်အာရုံစိုက်ပြီး ချဉ်းကပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။