
ယူနိုက်တက်နောက်ခံလူတွေ ဟယ်ရီကိန်းကို ထိန်းနိုင်မှာမဟုတ်ဘူးလို့ ဖာဒီနန်ပြောကြား
ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင် ကိန်းအနေနဲ့ ယူနိုက်တက်ကို ဂိုးသွင်းဖို့ လွယ်ကူလိမ့်မယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
တန်ဟက်ရဲ့ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့တုန်းက တိုက်စစ်မှူးသစ်အဖြစ် ဟယ်ရီကိန်းကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ နွေရာသီတုန်းက ယူနိုက်တက်အသင်းက ဟယ်ရီကိန်းကို ခေါ်ယူချင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဟွိုက်လန်းကိုသာ အစားထိုးခေါ်ယူခဲ့ရပါတယ်။
ကိန်းကတော့ တူချယ်ရဲ့အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး လိဂ်ပွဲ ၄ ပွဲမှာ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တစ်နှစ်တာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည် ရရှိခဲ့ပေမယ့် ကိန်းဟာ ဆုဖလားဆာလောင်နေဆဲလို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အသင်းတွေကိုကြည့်ပါ။ ၂ သင်းကြားမှာ ကြီးမားတဲ့သမိုင်းကြောင်းရှိပါတယ်။ ဟယ်ရီကိန်းဆိုရင် ယူနိုက်တက်ပရိသတ်တွေ လိုချင်နေတဲ့ကစားသမားပါ။ သူက တကယ့်ကိုသာလွန်တဲ့ ကစားသမားပါ။ သူ့စံချိန်တွေက စကားပြောနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူရှိနေတာပါ။ ၂၀၁၉ တုန်းကလည်း ဖိုင်နယ်ရောက်ခဲ့ပေမယ့် ဆုဖလားတော့ မရခဲ့ပါဘူး။ ဆုဖလားမကိုင်မြှောက်ဖူးတာကြောင့် သူကဆာလောင်နေမှာပါ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်းဟာ တော့တင်ဟမ်အသင်းမှာ ဆုဖလားအောင်မြင်မှု ၁၃ နှစ်အထိ မရခဲ့ပေမယ့် စံချိန်တွေတော့ ရယူထားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲဟာ တန်ဟက်ရဲ့ယူနိုက်တက်အတွက် ခက်ခဲနိုင်တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၅ ပွဲကစားပြီးချိန်မှာ ၃ ပွဲအရေးနိမ့်ထားခဲ့ပါတယ်။
စနေနေ့တုန်းက ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ခံစစ်ကလည်း ဆိုးဝါးနေတာဖြစ်ပါတယ်။ ဖာဒီနန်ကတော့ ယူနိုက်တက်ခံစစ်ဟာ ကိန်းကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ ထောက်ခံပြောကြားခဲ့ပါတယ်။