အာဂျင်တီးနားနဲ့ ကနေဒါတို့ နိုင်ပွဲကိုယ်စီရခဲ့ကြတဲ့ ကိုအမေရိကအုပ်စုအဆင့်ပွဲစဉ်များ
ယနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပွဲစဉ်တွေမှာ အာဂျင်တီးနားက ချီလီကို အနိုင်ရပြီးရှုံးထွက်အဆင့်ကို စောစောစီးစီးတက်လှမ်းနိုင်ခဲ့သလို ကနေဒါကလည်း ပီရူးကိုအနိုင်ရခဲ့တာကြောင့် နည်းပြသစ်လက်အောက်မှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားဟာ ချီလီကို ဂိုးပေါက်ကန်သွင်းချက် ၂၁ ကြိမ်အထိပြုလုပ်ခဲ့ပြီး ၃ ကြိမ်သာ ဂိုးတည့်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တာကြောင့် ၁-၀ ဆိုတဲ့ရလဒ်နဲ့အတူ နောက်တစ်ဆင့်ကို စောစောစီးစီးတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းမှာ ၂ သင်းစလုံး ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေမလုပ်နိုင်ခဲ့ဘဲ ပွဲကြမ်းနေခဲ့တာကြောင့် ဘောလုံးက မြေပေါ်မှာထက် လေထဲမှာသာရှိနေခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန်အများစုကို အာဂျင်တီးနားက ဘောလုံးကိုင်ထားနိုင်ခဲ့သော်လည်း ကြယ်ပွင့်ကစားသမားတွေက ဂိုးရရှိဖို့တော့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ အတောက်ပဆုံးကြယ်ပွင့် လီယွန်မက်ဆီကတော့ ခြေစွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ဆက်လက်စောင့်ကြည့်ရမယ့်ကစားသမားဖြစ်နေဆဲပါ။
ဒုတိယပိုင်းမှာတော့ ချီလီက အခွင့်အရေးတွေရခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတွေပြုလုပ်ခဲ့ပေမယ့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကိုတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲကစားချိန် ၈၈ မိနစ်မှာတော့ အာဂျင်တီးနားတို့ အနိုင်ဂိုးရခဲ့ပြီး လူစားဝင်ကစားသမား မာတီနက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် အာဂျင်တီးနားဟာ ၂ ပွဲ ၆ မှတ်နဲ့ နောက်တစ်ဆင့်ကို သက်တောင့်သက်သာတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အခြားပွဲစဉ်မှာတော့ ကနေဒါက ပီရူးကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် နည်းပြသစ် ဂျက်ဆီမာ့ရှ်ရဲ့လက်ထက်မှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပီရူးက ပွဲကိုစိုးမိုးထားခဲ့ပြီး ကနေဒါတစ်သင်းလုံးကို ဂိုးဧရိယာထဲကို မောင်းသွင်းထားခဲ့တာဖြစ်ပါတယ်။
ပီရူးအနေနဲ့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့တော့ ရုန်းကန်ခဲ့တာကြောင့် ပထမပိုင်းမှာ ၀-၀ နဲ့ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပီရူးနောက်ခံလူ မီဂူရယ်အရူဂျို အနီကတ်ပြသခံခဲ့ရတာကြောင့် ပွဲရဲ့ အခြေအနေကပြောင်းပြန်ဖြစ်သွားခဲ့ပြီးကနေဒါက ပွဲကိုပြန်လည် စိုးမိုးလာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကနေဒါက တစ်ယောက်လျော့ပီရူးကို အနိုင်ရဖို့ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် ၇၄ မိနစ်ရောက်မှသာ တိုက်စစ်မှူး ဒေးဗစ်က အနိုင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပီရူးက ဖရီးကစ်ကန်ချက်နဲ့ ချေပဂိုးပြန်လည်ရရှိဖို့နီးစပ်ခဲ့သော်လည်း ကနေဒါဂိုးသမား လက်စွမ်းပြခဲ့လို့ အရှုံးနဲ့ကြုံတွေ့ခဲ့ရပါတယ်။