
ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ချဲလ်ဆီးနှင့် ထိပ်တိုက်တွေ့ရန် ပြင်ဆင်နေတဲ့ လူးဝစ် အင်းနရစ်
ပီအက်စ်ဂျီ အနေဖြင့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ချဲလ်ဆီးနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေချိန်၌ သမိုင်းတွင်အောင် လုပ်ဆောင်လိုကြောင်း လူးဝစ် အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီ ကစားသမားတွေဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ် ကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။ ဖေဘီယန် ရူးစ် ရဲ့ နှစ်ဂိုးသွင်းယူမှုကို အူစမာန် ဒမ်ဘီလီ နှင့် ဂွန်ဇာလို ရာမို့စ် တို့ရဲ့ ဂိုးများက ဖြည့်စွက်ပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄-၂၅ ရာသီရဲ့ အပြင်းထန်ဆုံး ရှုံးနိမ့်မှုဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။
ထိုစွမ်းဆောင်ရည်က ချဲလ်ဆီးအသင်းကို ယုံကြည်မှုများစွာ ပေးခဲ့မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးတို့အနေဖြင့် ပြင်သစ်နှင့် ဥရောပချန်ပီယံတွေကို ရာသီရဲ့ ပဉ္စမမြောက်ဖလားကို ရရှိခြင်းမှ တားဆီးရန် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ပွဲပြီးဆုံးချိန်တွင် အင်းနရစ်က လွယ်ကူသောပွဲစဉ်ဖြစ်မည်မဟုတ်ကြောင်း ဝန်ခံခဲ့ပါတယ်။
"ကျွန်တော်တို့ ကြိုးစားပါမယ်။ ချဲလ်ဆီးလို ကောင်းတဲ့အသင်းနဲ့ နောက်ထပ် တစ်လှမ်းတိုးရဦးပါမယ်" "သူတို့က ပြိုင်ပွဲတစ်လျှောက်လုံး ကောင်းကောင်း စွမ်းဆောင်ခဲ့ကြတယ်။ အခု ကျွန်တော်တို့ ပြင်ဆင်ဖို့၊ ပြန်လည် နာလန်ထူဖို့ အချိန်တန်ပါပြီ" "ပြီးခါနီးပြီ ကျွန်တော်တို့ ကလပ်မှာ သမိုင်းတွင်အောင် လုပ်ချင်ပါတယ် ပြီးတော့မှ အားလပ်ရက်ယူပါမယ်" လို့ အင်းနရစ်က ပြောပါတယ်။
အင်းနရစ်က ပွဲအပြီး ကွင်းဘေး၌ နှိမ့်ချစွာ ပြောဆိုခဲ့သော်လည်း ဗိုလ်လုပွဲမတိုင်မီ သူ ယုံကြည်မှုရှိရန် အခွင့်အရေး အပြည့်အဝရှိနေပါတယ်။ ပီအက်စ်ဂျီဟာ ဆီမီးဖိုင်နယ် အနိုင်ရပွဲတွင် အစောပိုင်း ၂၄ မိနစ်အတွင်း ၃-၀ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲမတိုင်မီ အကောင်းဆုံးခြေစွမ်းနှင့် စိတ်ဓာတ်ကောင်းများ ရှိနေမှာ ဖြစ်ပါတယ်။
ပွဲကို တစ်လုံးတည်းဖြင့် အကျဉ်းချုပ်ပြောရန် တောင်းဆိုရာတွင် အင်းနရစ်က "ကောင်းတယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ "ရီးရဲလ်မက်ဒရစ်လို အသင်းနဲ့ ဒီလိုပွဲမျိုး ကစားရတာ အမြဲတမ်း ခက်ခဲပါတယ်။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည်အတွက် ပျော်ပါတယ်" လို့ ပြောပါတယ်။
ပွဲတစ်လျှောက်လုံး အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ကျော် ရှိနေသောကြောင့် ဗိုလ်လုပွဲမတိုင်မီ လေးရက်တာအတွင်း နာလန်ထူရေးက အဓိကကျမှာ ဖြစ်ပါတယ်။ အင်းနရစ်က "ကျွန်တော့်အတွက် အပူရှိန်က အရမ်းများတယ်။ကျွန်တော်တို့က အထူးရာသီ၊ အထူးအချိန်မှာ ရောက်နေတာ၊ ကျွန်တော်တို့ နိုင်သင့်တယ်လို့ ထင်ပါတယ်" လို့ ဆက်ပြောပါတယ်။
ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး နွေရာသီ ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့သော အူစမာန် ဒမ်ဘီလီက ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို သွင်းယူခဲ့ပြီး အင်းနရစ်က ဒါဟာ အချိုးအကွေ့တစ်ခုဖြစ်တယ်လို့ ထင်နေပါတယ်။ "ဒီကမ္ဘာ့ဖလားမှာ အူစမာန်ကို ပုံမှန်ကစားသမားအဖြစ် အသုံးပြု နိုင်ခဲ့တာ ဒါ ပထမဆုံးပွဲပဲ။ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ဖို့ ကြိုးစားပါတယ်။ သူက ကျွန်တော်တို့ရဲ့ ဒီရာသီအကောင်းဆုံး ကစားသမားပါပဲ။ သူ အရာအားလုံးကို အနိုင်ရသင့်ပါတယ်။ သူ အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်" လို့ နည်းပြက ပြောပါတယ်။