
ကြားရက်ဒါဘီပရမ်းပတာဖြစ်ရပ်တွေကြောင့် လီဗာပူးအတွက် စိုးရိမ်ပူပန်စရာနိုင်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီရဲ့ စိတ်ပျက်စရာဖြစ်ရပ်တွေကြောင့် ဝုဗ်ကိုရင်ဆိုင်ရချိန် လီဗာပူးရဲ့စွမ်းဆောင်ရည်ပိုင်းက တစိတ်တပိုင်းအားဖြင့် စိုးရိမ်ပူပန်စရာဖြစ်ခဲ့တယ်လို့ နည်းပြအန်းစလော့က ယုံကြည်နေပါတယ်။အန်းဖီးလ်ကွင်းပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း လီဗာပူးက ဒီယက်ဇ်၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ကွန်ဟာက ဝုဗ်အတွက် ဒုတိယပိုင်းမှာ ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်တွေရဲ့နိုင်ပွဲကို မတားဆီးနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းပွဲချိန်အတွင်း ဗစ်တာပါရဲယားရဲ့အသင်းက ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပြီး အန်းစလော့ကိုယ်တိုင်ကလည်း ကြားရက်၊ တာကောစကီးရဲ့နာကျင်အချိန်ပိုနောက်ကျချေပဂိုးနဲ့အတူ ဂွတ်ဒီဆင်ပတ်ခ်မှာ သရေကျခဲ့တဲ့ဖြစ်စဉ်ကြောင့် တစိတ်တပိုင်းအားဖြင့် သာမန်ထက်နိမ့်ကျတဲ့ အသင်းလိုက်စွမ်းဆောင်ရည်ပိုင်း ပေါ်ပေါက်လာခဲ့တယ်လို့ ယုံကြည်နေပါတယ်။
အန်းစလော့က “ ဗုဒ္ဓဟူးနေ့ဖြစ်ရပ်တွေအပြီး အဆုံးမှာတော့ သက်သာရာရသွားပြီဆိုတာ အထူးထင်ရှားလှပါတယ်။နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးလိုက်ရမှုနဲ့အတူ လာမယ့်ပွဲစဉ်တွေမှာ အသင်းအပေါ် အကျိုးသက်ရောက်မှုရှိလာတော့မယ်ဆိုတာ သိထားခဲ့ရတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ဒီနေ့မှာ ခင်ဗျားတို့ကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရပါတယ်။ ၂-၁ ဂိုး ဖြစ်သွားချိန်မှာ အခုဘောလုံးရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့တွေ အနည်းငယ်စိုးရိမ်လာခဲ့ပါတယ်။ အဲဗာတန်ကို နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးလိုက်ရတဲ့ဖြစ်ရပ်က ကျွန်တော်တို့ရဲ့အတွင်းစိတ်ဆီ အနည်းအကျဉ်းတော့ ဝင်ရောက်လာခဲ့ပါတယ်။
ဘောလုံးပွဲတစ်ခုကို အနိုင်ရရှိဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ လူတွေကတော့ ‘ မိုဆာလက်လည်း ရှိနေတာပဲ၊ ဒီလူ ဘာတွေပြောနေတာလဲ?’လို့ မေးလာကြပါလိမ့်မယ်။ မဟုတ်ပါဘူး၊ သုံးရက်တစ်ပွဲနှုန်းကစားရချိန်တိုင်း နိုင်ပွဲရှာဖွေဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ စိတ်ဓါတ်ပိုင်းရော၊ ကစားပုံပိုင်းပါ ပြသရမယ့် သီတင်းပတ်ဆီ ဝင်ရောက်လာချိန်ဖြစ်နေလို့ ဒီနိုင်ပွဲက အလွန်အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က ကိုနာတေးကို ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခဲ့မှုဟာ ဒုတိယမြောက်အဝါကတ်ပြသခံရမယ့်အလားအလာအပေါ် စိုးရိမ်နေလို့ပါလို့ အတည်ပြုပေးခဲ့ပါတယ်။ တဖက်မှာလည်း ဝုဗ်နည်းပြပါရဲယားက ပထမပိုင်းပွဲချိန်အတွင်းမှာပင် ကိုနာတေး ထုတ်ပယ်ခံရသင့်တယ်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အန်းစလော့က “ ဟုတ်ပါတယ်။ ဒုတိယမြောက်အဝါကတ်ပြသခံရနိုင်လို့ ကိုနာတေးကို ကျွန်တော် လူစားလဲလှယ်ခဲ့တာပါ။ သူ့ကို ပြသခဲ့တဲ့ ပထမအကြိမ်အဝါကတ်ကလည်း ကျွန်တော့်အတွက်ဆိုရင်တော့ ပြင်းထန်လွန်းလှပါတယ်။ ပခုံးနဲ့ဝင်တိုက်မိတဲ့ဖြစ်ရပ်အတွက် ဒုတိယမြောက်အဝါကတ်သာ သူရရှိသွားမယ်ဆိုရင် ဒါကလည်း ပြင်းထန်တဲ့အဝါကတ်ပြစ်ဒဏ်တစ်ခု ဖြစ်လာနိုင်ပေမယ့် သူကတော့ ပွဲစဉ်အတွင်းမှ ထွက်ခွာသွားရပါလိမ့်မယ်။
ကွင်းလယ်ဒိုင်လည်း အခုလိုမျိုးခံစားချက်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို ဒုတိယမြောက်အဝါကတ် မပြသသေးတာပါ။ ဒါပေမယ့် ဘဝမှာ ဘောလုံးပွဲများစွာကြည့်ရှုခဲ့ဖူးတဲ့ ကျွန်တော်က ကစားသမားတစ်ဦးတော့ အဝါကတ်ထိတော့မယ်၊ ပြီးရင် ဒိုင်လူကြီးလည်း ဖိအားတွေအောက် ရောက်တော့မယ်ဆိုတာကို သိထားခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ပြစ်ဒဏ်ကျူးလွန်မှုတိုင်းက ဒိုင်လူကြီးတစ်ဦးအတွက် ဒီတစ်ခေါက်တော့ ဒုတိယမြောက်အဝါကတ်ပြသရတော့မယ်ဆိုတဲ့အတွေးမျိုး ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ ကျွန်တော့်ရဲ့အတွေးတွေက လွန်ခဲ့တဲ့သုံးရက်ဆီ ပြန်ရောက်သွားပြန်ပါပြီ။
ဒါပေမယ့် ကိုနာတေးအတွက်ဆိုရင်လည်း ဝုဗ်လို အားကောင်းတဲ့ပြိုင်ဘက်နဲ့ ခက်ခဲတဲ့ ၄၅ မိနစ်တာကာလကို ဖြတ်သန်းခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။ ဝုဗ်လို ကစားသမားကောင်းတွေ ရှိနေတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် နောက်တစ်ကြိမ်ပြစ်ဒဏ်ဘောကျူးလွန်လို့မရတော့ဘူးဆိုတဲ့ အတွေးမျိုး ကိုယ့်ရဲ့အတွင်းစိတ်ဆီ ဝင်ရောက်လာပြီဆိုရင် ဘောလုံးဆက်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော် သူ့ကို လူစားလဲဖို့ လိုအပ်ခဲ့တာပါ”လို့ ပြောပါတယ်။