
လီဗာပူးနည်းပြရဲ့ပွဲပယ်ပြစ်ဒဏ်ကို အတည်ပြုလိုက်တဲ့ အက်ဖ်အေ
အဲဗာတန်နဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရတဲ့ လီဗာပူးနည်းပြ စလော့ရဲ့ပြစ်ဒဏ်ကို အက်ဖ်အေဘက်က အတည်ပြုခဲ့သလို ဒဏ်ငွေပါ ပေးဆောင်ရမယ်လို့ အတည်ပြုခဲ့ပါတယ်။ တာကောစကီးရဲ့နောက်ကျချေပဂိုးနဲ့အတူ မာဆေးလ်ဆိုက်ဒါဘီက ပြင်းထန်ခဲ့ပြီး ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ပွဲအပြီးမှာလည်း ၂ ဖက်အသင်းကြားမှာ အချင်းများမှုတွေဖြစ်ခဲ့ပြီး စလော့ရဲ့အပြုအမူကို ပွဲအပြီးမှာ ကွင်းလယ်ဒိုင် အိုလီဗာက အနီကတ်ပြသခဲ့သလို စုစုပေါင်း အနီကတ် ၄ ကတ်အထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် အက်ဖ်အေဘက်က စလော့ နဲ့ ဟက်ရှ်အော့ဖ်တို့ကို ၂ ပွဲပယ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် စလော့အနေနဲ့ လာမယ့်နယူးကာဆယ် ၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ “လွတ်လပ်တဲ့စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က အဲဗာတန်နဲ့ပွဲက အပြုအမူကြောင့် စလော့ နဲ့ ဟက်ရှ်အော့ဖ်တို့ကို အနီကတ်ပြခဲ့ပါတယ်။ ဒါ့အပြင် ၂ သင်းကြား ကစားသမားတွေကိုမထိန်းသိမ်းနိုင်ခဲ့ပါဘူး။
လီဗာပူးအသင်းနည်းပြ စလော့ကလည်း ဒိုင်တွေ နဲ့ လက်ထောက်နည်းပြကို မဆီလျော်တဲ့စကားလုံးတွေ ပြောဆိုခဲ့ပါတယ်။ စလော့ဘက်က အဆိုပါပြစ်ဒဏ်ကို ဝန်ခံခဲ့ပြီး ၂ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးပေါင် ၇ သောင်းလည်း ချမှတ်ခဲ့ပါတယ်”လို့ အက်ဖ်အေဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အက်ဖ်အေဘက်က လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ကိုလည်း ပေါင် ၅ သောင်း နဲ့ ပေါင် ၆ သောင်းခွဲစီဒဏ်ကြေးချမှတ်ခဲ့ပါတယ်။
လာမယ့် ၂ ပွဲကိုတော့ စလော့မပါဝင်နိုင်တာကြောင့် လက်ထောက်နည်းပြ ဂျွန်က တာဝန်ယူမှာဖြစ်ပြီး စလော့အနေနဲ့ လာမယ့် မတ်လ ၁၆ ရက်နေ့မှာကန်မယ့် ကာရာဘောင်ဖလားဖိုင်နယ်ပွဲမှာ လီဗာပူးအသင်းကို ပြန်လည်ကိုင်တွယ်မှာဖြစ်ပါတယ်။