
ဝီရက်ဇ်အတွက် လီဗာပူးအသင်းရဲ့ကြီးမားတဲ့ကမ်းလှမ်းမှုကို လေဗာကူဆင် ပယ်ချ
သတင်းတွေအရ လေဗာကူဆင်အသင်းဟာ ဝီရက်ဇ်အတွက် ပေါင်သန်း ၁၁၀ နဲ့ လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဂျာမန်သားကို ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးပေးချေဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားကလည်း အခုနွေရာသီမှာ ဘိုင်ယန် နဲ့ စီးတီးတို့ထက် လီဗာပူးအသင်းကိုသာပြောင်းရွှေ့ချင်တယ်လို့ သိရပါတယ်။
စွမ်းဆောင်ရည်ကောင်းတွေကြောင့် ထိပ်တန်းအသင်းတော်တော်များများက မျက်စိကျနေကြပြီး လီဗာပူးအသင်းက တရားဝင်ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂ ကြိမ်စလုံးကို လေဗာကူဆင်ဘက်က ပယ်ချထားခဲ့တာဖြစ်ပါတယ်။ စကိုင်းဂျာမန်သတင်းဌာနကတော့ “အများကြီးမပြောင်းလဲပါဘူး။ ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုလည်း လေဗာကူဆင်ဘက်က လက်မခံခဲ့ပါဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက သဘောတူညီမှုမရသေးပါဘူး။ ညှိနှိုင်းမှုတွေတော့ ဆက်လုပ်နေဆဲပါ။ ၂ သင်းစလုံးက အလျင်အမြန်သဘောတူညီမှုရချင်နေပါတယ်။ လေဗာကူဆင်ဘက်က ငွေပေးချေမှုအပိုင်းကို မတူညီအနေအထားမျိုး လိုချင်နေပါတယ်”လို့ ဆိုပါတယ်။
ဂျာမန်သတင်းဌာန BILD ကလည်း လေဗာကူဆင်ဟာ သူတို့စတားအတွက် ပေါင် ၁၂၇ သန်းအထိ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၇ အထိကျန်နေတာကြောင့် ဂျာမန်ကလပ်အနေနဲ့ သူတို့စတားကို အလျင်စလိုရောင်းချဖို့ မလိုအပ်တာဖြစ်ပါတယ်။ မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်ဖွယ်ရှိနေပြီး ဂျာမန်သားက အင်္ဂလန်မြေမှာ စမ်းသပ်မှုခံယူချင်နေပါတယ်။ လီဗာပူးအသင်းအနေနဲ့ သမိုင်းဝင်အပြောင်းအရွှေ့လုပ်နိုင်ဖို့ ခက်ခက်ခဲခဲလုပ်ဆောင်ရဖို့များနေပါတယ်။