ယာဂန်ကလော့ပ်ကို အခွင့်အာဏာအပြည့်အ၀ပေးအပ်သွားဖို့ ဂျာမနီဘောလုံးအဖွဲ့ချုပ် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်
ဂျာမနီဘောလုံးအဖွဲ့ချုပ်(DFB)က လီဗာပူး၊ ဒေါ့မွန်တို့ရဲ့နည်းပြဟောင်းယာဂန်ကလော့ပ်နဲ့ စာချုပ်ကိစ္စ သဘောတူညီမှုရရှိမယ်ဆိုရင် လက်ရွေးစင်အသင်းနဲ့ လူငယ်ဖွံ့ဖြိုးရေးအပိုင်းတွေမှာ စိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အာဏာ အပြည့်အ၀ပေးအပ်သွားမယ်လို့ Sky Germany ရဲ့ဖော်ပြချက်အရ သိရပါတယ်။
DFB က ကလော့ပ်ကို လက်ရွေးစင်အသင်းကြီးတစ်ခုတည်းကိုသာ အာရုံမစိုက်စေဘဲ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပေါ်ပေါက်ခဲ့တဲ့ အားနည်းချက်တွေအတွက် အဖြေရှာနိုင်ဖို့အတွက် ဂျာမနီဘောလုံးလောကမူဝါဒတစ်ခုလုံးကိုပါ အကြီးအကျယ်ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ လိုလားနေပါတယ်။
ဒီစီမံကိန်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကလော့ပ်မှာ သူ့ရဲ့ကိုယ်ပိုင်နည်းပြအဖွဲ့ကို စိတ်ကြိုက်ဖွဲ့စည်းခွင့် ရှိလာပါလိမ့်မယ်။ ဒါကြောင့် သူနဲ့ ကာလရှည်လက်တွဲခဲ့တဲ့ လက်ထောက်နည်းပြပီတာခရာဝီဇ်အပြင် လီဗာပူးလက်ထောက်နည်းပြဟောင်းပက်လင်ဒါစ်နဲ့ လိုက်ပ်ဇစ်နည်းပြဟောင်းဇိုးလ်လိုးတို့ကိုလည်း နည်းပြအဖွဲ့မှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။
ဂျာမနီလက်ရွေးစင်အသင်းအားကစားဒါရိုက်တာရူဒီဗော်လာရဲ့အခန်းကဏ္ဍကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒါပေမဲ့ DFB ကတော့ ယူရို ၂၀၂၈ ပြိုင်ပွဲကာလအထိ ဗော်လာနဲ့ ကလော့ပ်တို့ တွဲဖက်လုပ်ကိုင်မယ်ဆိုရင် အသင်းအတွက် တည်ငြိမ်မှုနဲ့ အတွေ့အကြုံကောင်းတွေ ရရှိစေမယ်လို့ ယူဆထားပါတယ်။
သတင်းတွေအရ ကလော့ပ်ရဲ့တာဝန်တွေအနက် လက်ရွေးစင်အသင်းကို ပြိုင်ပွဲတွေအတွက် ပြင်ဆင်ပေးရုံတင်မက ဂျာမနီဘောလုံးလောကတည်ဆောက်ပုံဆိုင်ရာ ပြဿနာတွေကိုပါ ကိုင်တွယ်ဖြေရှင်းပေးရမယ်လို့ သိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ကစားဟန်ကို အသစ်ပြန်ဖော်ထုတ်တာ၊ နည်းဗျူဟာပိုင်းကို ခေတ်မီအောင် လုပ်ဆောင်တာနဲ့ လူငယ်အဆင့်ဆင့်မှ ကစားသမားသစ်တွေ ပေါ်ထွက်လာအောင် လုပ်ဆောင်တာတွေလည်း ပါဝင်ပါတယ်။
ကလော့ပ်ကို ကွင်းတင်းရလဒ်ပို်ငးကောင်းမွန်အောင် လုပ်ပေးနိုင်မယ့် နည်းပြတစ်ဦးအဖြစ်တင်မက ဂျာမနီဘောလုံးလောကအဆင့်တိုင်းအတွက် ခိုင်မာတဲ့ကိုယ်ပိုင်ဟန်တစ်ခု ချမှတ်ပေးနိုင်မယ့်သူအဖြစ် ရှုမြင်ထားကြပါတယ်။
အခုအထိ တရားဝင်ခန့်အပ်မှုမျိုး မရှိသေးပေမဲ့ DFB ကတော့ ကလော့ပ်ကို ရှေ့လာမယ့် ပြိုင်ပွဲကြီးတွေအတွက်တင်မကဘဲ ဂျာမနီဘောလုံးလောကရဲ့အနာဂတ်ကိုပုံဖော်ပေးမယ့် အဓိကပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပါတယ်။