The network connection is lost.

Banner Image

ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်မပြုပေးတဲ့ VAR ရဲ့အမှားအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ လီဗာပူး

ပြီးခဲ့တဲ့စနေနေ့၊ တော့တင်ဟမ်နဲ့ ရင်ဆိုင်ကစားရတဲ့ ပွဲစဉ်အတွင်း တိုက်စစ်မှူး ဒီယက်ဇ်ရဲ့သွင်းဂိုးကို လူကျွံဘောဟုဆိုကာ ပယ်ဖျက်ခဲ့တဲ့ VAR ရဲ့အမှားအပေါ် လီဗာပူးဘက်က ကြေညာချက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဘစ်ဆူးမားအပေါ် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့ ကာတစ်ဂျုံးစ်ကို ကွင်းလယ်ဒိုင် ဆိုင်မွန်ဟူးပါးက အစောပိုင်းမှာ အဝါကတ်ပြသခဲ့ပေမယ့် VAR အကြုံပြုချက်နဲ့အတူ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရပေမယ့် လီဗာပူးအတွက် မိုဆာလက်ရဲ့ ဖန်တီးပေးမှုမှတဆင့် ဒီယက်ဇ်က အပိုင်ကန်သွင်းယူကာ ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ စည်းကြပ်ဒိုင်က ဒီယက်ဇ်ကို လူကျွံတယ်လို့သတ်မှတ်ကာ အလံထောင်ထားခဲ့သလို VAR ရဲ့ အကျဉ်းရုံးစစ်ဆေးမှုအပြီးမှာ တော့တင်ဟမ်အတွက် ဖရီးကစ်အဖြစ်သတ်မှတ်ပြီး ပွဲကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအတွက် အဖွင့်ဂိုးဖြစ်လာစေမယ့် အခိုက်အတန့်မှာ ဒီယက်ဇ်က လူမကျွံခဲ့ဘဲ အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့ပြီဆိုတာ ရှင်းရှင်းလင်းလင်းသိလာရပါတယ်။

ပွဲအပြီးမှာလည်း ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအစည်းအရုံး(PGMOL)က ‘လူနဲ့ပဲသက်ဆိုင်သော သိသာထင်ရှားတဲ့အမှား’ တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေလည်း ကွင်းလယ်ဒိုင်က ဂျိုတာကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ရာ ကွင်းတွင်းလက်ကျန်ကစားသမားကိုးယောက်ဖြင့် လီဗာပူးတို့ ဆက်လက်ကစားခဲ့ရပါတယ်။ နာကျင်အချိန်ပိုနောက်ဆုံး မိနစ်မှာတော့ နောက်ခံလူမာတစ်ရဲ့ O.G နဲ့အတူ တော့တင်ဟမ်က ၂-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ အခုပွဲစဉ်အတွက် VAR ဒိုင်အဖြစ်တာဝန်ယူခဲ့သူ ဒါရင်းအင်္ဂလန်က ကွင်းတွင်းဆုံးဖြတ်ချက်ဟာ ဂိုးအဖြစ် သတ်မှတ်ထားတယ်လို့ မှားယွင်းစွာယူဆခဲ့ပြီး စစ်ဆေးမှုပြီးဆုံးပြီလို့ ကွင်းလယ်ဒိုင်ဆီ အချက်ပြခဲ့ကြောင်း၊ ကွင်းလယ်ဒိုင်ကလည်း VAR ရဲ့အတည်ပြုချက်အရ ဒီယက်ဇ်ရဲ့သွင်းဂိုးဟာ လူကျွံဘောဖြစ်တယ်လို့ ယုံကြည်သွားခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဘက်ကတော့ PGMOL ရဲ့ အခုလို ပွဲစဉ်အတွင်းဖြစ်ရပ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးမှုကို တန်ဖိုးထားပေမယ့် VAR အသုံးပြုမှုအပိုင်းနဲ့ ပွဲကိုပြန်လည်စတင်ပြီးနောက် ဆုံးဖြတ်ချက်အမှားကို ပြန်လည်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့မှုအပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မာဆေးဆိုဒ်ကလပ်က အခုလိုအမှားတွေကို အရှိန်မြှင့်ဖြေရှင်းသွားနိုင်ရေး ရွေးချယ်စရာတွေကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ယမန်နေ့(တနင်္ဂနွေနေ့)ညနေပိုင်းထုတ်ပြန်ချက်မှာ “လီဗာပူးအသင်း အနေဖြင့် PGMOLရဲ့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပြောဆိုမှုကို အသိအမှတ်ပြုလက်ခံပါတယ်။ ဒါက ပွဲစဉ်တွေနဲ့ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းတွေကို မှန်မှန်ကန်ကန်အသုံးမချခဲ့ဘူးဆိုတာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီး အားကစားဆိုင်ရာဂုဏ်သိက္ခာတွေ ညှိနွမ်းစေတဲ့ရလဒ်အကျိုးဆက် ထွက်ပေါ်ခဲ့ရပါတယ်။


အသင်းအနေဖြင့် ပွဲစဉ်ကြီးကြပ်သူတွေဟာ ဖိအားတွေအောက်မှာ အလုပ်လုပ်နေတယ်ဆိုတာကို အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် VAR ရဲ့ တည်ရှိမှုနဲ့ အသုံးဝင်မှုတွေက အဲ့ဒီလိုဖိအားတွေကို လျော့ပါးစေဖို့ဖြစ်ပြီး ပိုမိုဆိုးရွားစေဖို့ မဟုတ်ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ လုံလုံလောက်လောက် အချိန်မယူခဲ့မှုနဲ့ နောက်ဆက်တွဲ ကြားဝင်ဖြေရှင်းမှုမရှိခဲ့ခြင်းအပေါ် မကျေနပ်ဘူးလို့ တုံ့ပြန်လိုပါတယ်။ အခုလို လူနဲ့ပဲသက်ဆိုင်တဲ့ သိသာထင်ရှားတဲ့ အမှားတစ်ခုလို့ ထုတ်ပြန်လာတာမျိုးကလည်း လက်ခံနိုင်စရာ အလျဉ်းမရှိပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပဲ နောက်ဆုံးရလဒ်တွေကို တည်ဆောက်သွားသင့်ပါတယ်။ ဒီလိုအမှားအယွင်းမျိုးတွေ ဆက်မဖြစ်လာစေရေးအလို့ငှာ လုပ်ငန်းစဉ်တွေကို တိုးတက်လာအောင် ပြုလုပ်ခြင်းအားဖြင့် အနာဂတ်ဆုံးဖြတ်ချက်ချမှတ်ခြင်း အပိုင်းတွေမှာ တာဝန်ယူမှုရှိရေး အရေးပါလာပါတယ်။ အလားတူပဲ ကလပ်အသင်း အနေဖြင့် အမှားအယွင်းတွေအပေါ် အရှိန်မြှင့်ဖြေရှင်းသွားနိုင်ရေး ရွေးချယ်စရာနည်းလမ်းတွေကို ရှာဖွေသွားပါမယ်”လို့ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ပွဲစဉ်အတွက် VAR ဒိုင်လူကြီးတွေအဖြစ် တာဝန်ယူခဲ့တဲ့ ဒါရင်းအင်္ဂလန်နဲ့ ဒန်ကွတ်ခ်တို့ကို အခုသီတင်းပတ်ပွဲစဉ်တွေမှာ ဆက်လက်တာဝန်မယူကြဖို့ PGMOL က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။