
ဂျူဗင်တပ်စ်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး အာနိုးလ်ရဲ့အရည်အသွေးကို ချီးကျူးလိုက်တဲ့ ကော်တိုရစ်
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျူဗင်တပ်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ကော်တိုရစ်က အခုလောက်အထိဖြတ်တင်ဘောစွမ်းရည်ကောင်းမွန်တဲ့ကစားသမားမျိုး ဘယ်တုန်းကမှမတွေ့ဖူးဘူးလို့ ပြောဆိုရင်း အာနိုးလ်ရဲ့ဖြတ်တင်ဘောပေးပို့မှုစွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။
အာနိုးလ်က ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ၊ ပထမဆုံးဂိုးဖန်တီးမှုအဖြစ် အခုပွဲစဉ်အတွင်း တစ်လုံးတည်းသောအနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူမယ့် ဂွန်ဇာလိုဂါစီယာဆီ တိကျကောင်းမွန်တဲ့ ဖြတ်တင်ဘောတစ်ကြိမ် ပေးပို့ခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဂိုးသမားကော်တိုရစ်က အံ့ဖွယ်အာနိုးလ်လို့ တံဆပ်ကပ်ရင်း အသင်းဖော်သစ်ဆီ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ကော်တိုရစ်က “ လေ့ကျင့်ရေးကွင်းမှာလည်း အာနိုးလ်က ကြောက်စရာကောင်းပါတယ်။ သူ့ရဲ့ဖြတ်တင်ဘောတွေက အံ့မခန်းပါပဲ။ သူ့ရဲ့ဖရီးကစ်တွေနဲ့ ထောင့်ကန်ဘောတွေဆိုလည်း အလားတူပါပဲ။ ဂိုးသမားတစ်ဦးအတွက်ဆိုရင် ဒီလိုဖြတ်တင်ဘောတွေကို အထူးသတိပြုရပါတယ်။ ဖြတ်တင်ဘောနဲ့ အလွတ်တည်ကန်ဘောတွေမှာ အခုလိုကောင်းမွန်တဲ့ကစားသမားမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး”လို့ ပြောပါတယ်။
အာနိုးလ်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂိုးဖန်တီးပေးမှုအများဆုံးနောက်ခံလူအဖြစ် ၆၄ ကြိမ်အထိ ပြုလုပ်နိုင်မှုအပါအဝင် လီဗာပူးကစားသမားဘဝမှာ ၂၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်တိုင်းပါဝင်ကစားခွင့်ရရှိထားတဲ့ အင်္ဂလန်နောက်ခံလူက ဇာဘီအလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်အတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာနိုင်ပြီး သူ့ရဲ့ဖြတ်တင်ဘောတွေမှတဆင့် အကျိုးကျေးဇူးတွေ ရရှိလာဖို့ လော့စ်ဘလန်ကိုတို့ မျှော်လင့်နေပါလိမ့်မယ်။
ဂျူဗင်တပ်စ်ကို အနိုင်ရရှိမှုကြောင့် ရီးရဲလ်မက်ဒရစ်က လာမယ့်စနေနေ့၊ နယူးဂျာစီရှိ MetLife Stadium ရဲ့ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်နဲ့ ရင်ဆိုင်သွားရပါမယ်။