
The network connection is lost.

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒီမီတာ ဘာဘာတော့ဗ်က အသင်းနည်းပြတန်ဟက်နဲ့ လူသိရှင်ကြား အငြင်းပွားမှုဖြစ်ပွားပြီး အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာဖို့အလားအလာရှိနေတဲ့ ဆန်ချိုဟာ သူ့ကိုယ်သူ အသင်းအတွက်အရေးပါတဲ့ ကစားသမားတစ်ယောက်လို့ ထင်မှတ်ပြီး အထင်ကြီးလွန်းနေတယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။
အဲရစ်တန်ဟက်နဲ့ ဆန်ချိုတို့ဟာ အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လူသိရှင်ကြားအငြင်းပွားမှုများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာ ဆန်ချိုကို ချန်လှပ်ခဲ့တဲ့ အကြောင်းမေးမြန်းခဲ့ရာ တန်ဟက်က ကစားသမားရဲ့ လေ့ကျင့်ရေးကွင်းအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့တာကြောင့်ဖြစ်တယ်လို့ ဖြေကြားခဲ့ပြီး ဆန်ချိုကမူ တန်ဟက်ကို လိမ်လည်ပြောဆိုတယ်ဆိုပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။
အဆိုပါပြဿနာဖြစ်ပွားပြီးကတည်းက ဆန်ချိုဟာ ယူနိုက်တက်အတွက် ပါဝင်ကစားရခြင်းမရှိသေးဘဲ တန်ဟက်ကိုပြန်လည် တောင်းပန်ရန် တိုက်တွန်းချက်များကိုလည်း ငြင်းဆန်ထားတာဖြစ်ပါတယ်။ ယခုအခါ ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ အနာဂတ်ဟာမရေမရာဖြစ်လာပြီး အသက်-၂၃ နှစ်သားရဲ့ နည်းပြအပေါ် လူသိရှင်ကြား တုံ့ပြန်ချေပမှုတွေက မှားယွင်းခဲ့တယ်လို့ ဘာဘာတော့ဗ်က ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းက “တစ်ခါတလေမှာ ကစားသမားတွေက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိလှပြီလို့ ထင်မှတ်ပြီး ပြဿနာတွေကို စိတ်ရှိတိုင်းဖြေရှင်းဖို့ ကြိုးစားတတ်ကြပါတယ်။ ရော်နယ်ဒိုလို အောင်မြင်မှုတွေအများကြီး ရထားတဲ့ကစားသမားဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ကျွန်တော် ယူနိုက်တက်မှာရှိတုန်းက ကျွန်တော့်ရဲ့အသင်းဖော် ဝိန်းရွန်းနီကလည်း မန်နေဂျာနဲ့ ပြဿနာတက်ဖူးပါတယ်။ ဒါပေမယ့်သူတို့က ပြဿနာကို ပြေလည်အောင် ဖြေရှင်းလိုက်ကြတာပါပဲ။ ဆန်ချိုကတော့ သူ့ကိုယ်သူ ကလပ်အတွက် အရေးပါလှပြီလို့ ထင်နေပုံပါပဲ။ သူကအသင်းနဲ့အတူ ဆုဖလားတွေအများကြီး မရယူနိုင်သေးပါဘူး။ ဒါဟာ ဟိုနှစ်ယောက်နဲ့ မတူညီတဲ့အခြေအနေတစ်ခုပါ။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ဖြုတ်ချဖို့ အလွယ်တကူဆုံးဖြတ်နိုင်ပါတယ်။ ကစားသမားက သူ့ရဲ့အရည်အချင်းတွေကို ဒေါ့မွန်မှာ ပြသထားနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ အခုချိန်အထိမမြင်ရသေးလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်မှ ယူနိုက်တက်သို့ ပေါင် ၇၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၈၂ ပွဲကစားထားပြီး ၁၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘာဘာတော့ဗ်က ပါရမီရှင်တောင်ပံကစားသမားရဲ့ အရည်အသွေးကို အရမယူနိုင်တဲ့ ယူနိုက်တက်ရဲ့ ညံ့ဖျင်းမှုကိုလည်း အပြစ်တင်သင့်တယ်လို့ပြောကြားခဲ့ပါတယ်။
၎င်းက "ကလပ်အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ကစားသမားကို သက်တောင့်သက်သာဖြစ်စေပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုပေးနိုင်ခဲ့လားဆိုတာပြန်မေးရပါမယ်။ ဒါက နှစ်ဦးနှစ်ဖက်လုံးမှာတာဝန်ရှိပါတယ်။ အသင်းအနေနဲ့လည်း ကစားသမားအတွက် ပိုက်ဆံတွေအများကြီးသုံးထားတာကြောင့် သူ့ကိုသက်တောင့်သက်သာဖြစ်စေပြီး အရည်အချင်းကောင်းတွေပြသစေဖို့ တန်ဖိုးထားပြီး ကူညီပေးဖို့လိုပါတယ်။ တောင်အမေရိက ကစားသမားတွေဆိုရင် သူတို့ရဲ့စိတ်တွေကို သက်တောင့်သက်သာဖြစ်စေဖို့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့အတူခရီးသွားလေ့ရှိကြပါတယ်။ ဒါကြောင့် သူတို့ဟာ ပတ်ဝန်းကျင်သစ်မှာလွယ်လွယ်ကူကူပဲ အသားကျနိုင်ပြီး သူတို့ရဲ့အရည်အချင်းအစစ်အမှန်တွေကို ပြသနိုင်ကြပါတယ်။ ကျွန်တော့်လို ကစားသမားတွေ အတွက်ကတော့ ပိုမိုခက်ခဲပါတယ်။ ကျွန်တော်က နေရာတိုင်းမှာတစ်ယောက်တည်းဖြစ်နေလေ့ရှိပြီး ခြေစွမ်းပြသနိုင်ဖို့ အချိန် ပိုလိုအပ်ပါတယ်။ ဒါကလူတိုင်းနဲ့ထပ်တူမကျနိုင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက ဒီနည်းလမ်းတွေက ဆန်ချိုအတွက် အလုပ်မဖြစ်ဘူးဆိုတာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။