
၀က်စ်ဟမ်းကိုအနိုင်ရပြီးနောက် ကာရာဘောင်ဖိုင်နယ်မတိုင်ခင် လီဗာပူးကို သတိပေးလိုက်တဲ့ နယူးကာဆယ်စတား
ဝက်စ်ဟမ်းအသင်းကို ၁-၀ နဲ့အနိုင်ရပြီးနောက် နယူးကာဆယ်ကွင်းလယ်လူ ဘရူနိုက ကာရာဘောင်ဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဘက် လီဗာပူးအသင်းကို သတိပေးစကားဆိုလိုက်ပါတယ်။ ဘရာဇီးသားရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ နယူးကာဆယ်အသင်းက အနိုင်ရရှိခဲ့ပြီး အဆင့် ၆ နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဟိုဝီရဲ့အသင်းဟာ ဝင်ဘာလေမှာ လီဗာပူးအသင်းနဲ့ပွဲအတွက် အာရုံစိုက်ရတော့မှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ ကန်ရမှာဖြစ်ပါတယ်။
ကာရာဘောင်ဖိုင်နယ်ပွဲမတိုင်ခင် ဘရူနိုက စလော့ရဲ့အသင်းကို ကမ္ဘာ့ဖလားဖိုင်နယ်လိုကန်ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ လီဗာပူးကိုအနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ အဲ့တာက ဖိုင်နယ်ပွဲပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ပရိသတ်တွေက ၅၀ - ၅၀ အနေအထားပါ။ကျွန်တော်တို့ပရိသတ်တွေက ကျွန်တော်တို့အတွက် ကြီးမားတဲ့ခြားနားချက်ဖြစ်စေနိုင်ပါတယ်။
အဲ့တာက ကမ္ဘာ့ဖလားဖိုင်နယ်လိုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းအတွက် သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူချင်ပါတယ်။ ကျွန်တော်တို့ပရိသတ်တွေအတွက် ဆုဖလားတွေမရတာက အတော်ကြာပါပြီ။ ဒီပွဲက ကျွန်တော်တို့အတွက် ကြီးမားနိုင်ပါတယ်။ အဲ့နေရာကိုသွားပြီး ကျွန်တော်တို့ ဆုဖလားရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲက နိုင်ပွဲက တော်တော်လေးကြီးမားပါတယ်။ကျွန်တော်တို့ ချန်ပီယံလိဂ်အတွက် နောက်တစ်ကြိမ်တိုက်ခိုက်ရပါမယ်။ ကျွန်တော်တို့ ပေးဂိုးမပေးပဲနိုင်ပွဲရယူနိုင်လို့ ကြီးမားပါတယ်။ ဖိုင်နယ်ပွဲမတိုင်ခင် အခုနိုင်ပွဲက ကျွန်တော်တို့အတွက် ယုံကြည်မှုကြီးမားလာစေပါတယ်။ ကျွန်တော်တို့ထဲက အနည်းငယ်က ဖိုင်နယ်အကြောင်းတွေးနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းနဲ့ ကစားရမယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှုရှိသလို ကျွန်တော် ဝင်ဘာလေကိုသွားပြီး ဆုဖလားရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လူတွေက ကျွန်တော်တို့ကို သံသယရှိပေမယ့် ကျွန်တော်တို့ကတော့ သံသယမရှိပါဘူး။ ကျွန်တော်တို့ အများကြီးအာရုံစိုက်ရပါမယ်။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့လူအင်အားရှိပါတယ်။ကစားသမားအချို့လွဲချော်နေပေမယ့် ကျွန်တော်တို့ ဒီနေ့မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပါတယ်”လို့ ဘရူနိုက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ ဟိုဝီအနေနဲ့ လာမယ့်ဖိုင်နယ်မှာ နစ်ပုပ် ဒါမှမဟုတ် ဒူဗရာကာတစ်ဦးဦးကို အသုံးပြုဖို့ ခေါင်းခဲဖွယ်ရှိနေပါတယ်။
“ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် အဲ့တာတစ်ခုတည်းမဟုတ်ပါဘူး။ ဂိုးသမားအခြေအနေက မရှင်းသလို ၂ ဦးစလုံးက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မှာရှိနေပါတယ်။ နစ်ပုပ်ရဲ့ဒီနေ့လက်စွမ်းကို ကျွန်တော် ကျေနပ်ပါတယ်။ လူတိုင်းအဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ တနင်္ဂနွေနေ့အတွက် ကျွန်တော်တို့ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အလုပ်အတွက် အကောင်းဆုံးကစားသမားကိုရှာဖွေရပါမယ်။ စွမ်းဆောင်ရည် ၊ လေ့ကျင့်ခန်းအစီအစဉ်ကနေ ကြည့်ရပါမယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။