လီဗာပူးအသင်းက ယူရိုပါလိဂ်အဆင့်မှာ မရှိသင့်ဘူးလို့ ပြောဆိုလိုက်တဲ့ စပါတာပရာဟာနည်းပြ
ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ ၆-၁ ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်ပြီးနောက် စပါတာပရာဟာနည်းပြ ပရီစကီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးအသင်း ဝင်ရောက်ယှဉ်ပြိုင်နေရတာမျိုးက မဖြစ်သင့်ပါဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်၊ ပထမအကျော့ပွဲစဉ်မှာ ယာဂန်ကလော့ပ်ရဲ့အသင်းက စပါတာပရာဟာကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်းပွဲစဉ်မှာလည်း ယူရိုပါလိဂ်ကွာတားဖိုင်နယ်တစ်နေရာစာ သေချာစေဖို့ နောက်ထပ်ထူးခြားတဲ့စွမ်းဆောင်ရည်တစ်ခုကို ပြသခဲ့ပါတယ်။
ပရီစကီကတော့ သူ့ရဲ့စပါတာပရာဟာအသင်းက လီဗာပူးလိုအဆင့်အတန်းမျိုးမှာ ရှိနေတဲ့ ကလပ်အသင်းတစ်ခုနဲ့ ဘယ်တုန်းကမှ မယှဉ်ပြိုင်ခဲ့ဖူးဘူးလို့ ဝန်ခံပြောဆိုလိုက်ပြီး ကလော့ပ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ဝင်ရောက်ယှဉ်ပြိုင်သင့်တဲ့ အသင်းဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။
စပါတာပရာဟာရဲ့ ဂိုးပြတ်ရှုံးနိမ့်မှုအပြီး လီဗာပူးအသင်းနဲ့ပတ်သက်လို့ ပရီစကီက “ကျွန်တော်တို့အသင်းက ကမ္ဘာ့အဆင့်ကလပ်အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီနှစ်ကျော့လုံးမှာ သူတို့အသင်းကစားခဲ့ပုံတွေ၊ ပွဲစဉ်တွေအပေါ် ချဉ်းကပ်ပုံနဲ့ သူတို့အသင်းမှာရှိနေတဲ့ ရှင်းလင်းပြတ်သားတဲ့ အရည်အသွေးတွေကြောင့် လီဗာပူးအသင်းကို အမျာကြီးလေးစားမိပါတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ လုပ်ခဲ့မိတဲ့ တစ်ဦးချင်းအမှားလေးတွေအတွက် ကျွန်တော်တို့တွေ စိတ်ပျက်ခဲ့ကြပါတယ်။ ပထမအကျော့ပွဲစဉ်မှာရော၊ အခုပွဲစဉ်ရဲ့ပွဲအစမိနစ် ၂၀ အတွင်းမှာရော လုပ်မိခဲ့တဲ့ အမှားလေးတွေပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့မှာ ကမ္ဘာ့အဆင့်ကလပ်အသင်း တစ်ခုနဲ့ နောက်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် ပြောကိုပြောရမယ့် အရေးအကြီးဆုံးအရာတစ်ခုရှိတယ်လို့ ထင်ပါတယ်။ ချက်ဘောလုံးပရိသတ်တွေလည်း လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“စပါတာပရာဟာနဲ့ လီဗာပူးတို့အကြား အဆင့်အတန်းကွာဟမှု ကြီးမားလွန်းတယ်ဆိုတဲ့အချက်ကို ပရိသတ်တွေ အသိအမှတ်ပြုပေးကြမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ မဲခွဲမှုအပြီးကတည်းက ဒီတွေ့ဆုံမှုကတော့ ခက်ခဲကြမ်းတမ်းလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့တွေ လီဗာပူးကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တယ်လို့ ယူဆမိပေမယ့် ခြုံပြောရရင်တော့ သူတို့အသင်းက ကျွန်တော်တို့ထက် အများကြီး၊ အများကြီး ပိုကောင်းပါတယ်။ အသင်းတစ်ခုအဖြစ် ဥရောပပြိုင်ပွဲမှာ ကျွန်တော်တို့ ရှိခဲ့ဖူးတာကို မေ့မပစ်လိုက်ကြပါနဲ့။ ပရိသတ်တွေကလည်း ကျွန်တော်တို့အသင်း အိမ်ပြန်လာချိန်မှာ ကစားသမားတွေ လုပ်ဆောင်ခဲ့တဲ့ အရာတွေအပေါ် အသိအမှတ်ပြုပေးသွားမယ်လို့လည်း ယူဆမိပါတယ်။ အခုလီဗာပူးနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်နှစ်ခုတည်းနဲ့ အကဲဖြတ်လိုက်တာမျိုး မလုပ်စေချင်ပါဘူး”
“ကျွန်တော် ပြောခဲ့သလိုပါပဲ၊ အခုပွဲစဉ်တွေက ဒီရာသီ၊ ကျွန်တော်တို့ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်တွေနဲ့ လုံးဝကွဲပြားခြားနားတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေပါတယ်။ ဘက်တစ်၊ ရိန်းဂျားစ်တို့အပြင် နောက်ဆုံးရှုံးထွက်အဆင့်မှာ ဂါလာတာစာရေးလို အသင်းကောင်းတွေနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် လီဗာပူးကတော့ လုံးဝကွဲပြားခြားနားနေတဲ့အဆင့်အတန်းတစ်ခုမှာ ရှိနေပါတယ်။ လုံးဝကွဲပြားခြားနားနေတဲ့အဆင့်အတန်းမျိုးမှာ ရှိနေတာပါ။ ဒီလိုပြိုင်ဘက်မျိုးကို ကျွန်တော်တို့ မရင်ဆိုင်ခဲ့ဖူးပါဘူး။ ဒုတိယအကျော့မတိုင်ခင် ကျွန်တော်တို့မှာ ပြင်ဆင်ဖို့အချိန် နည်းနည်းတော့ ရကောင်းရနိုင်ပါလိမ့်မယ်”
“ဒါပေမယ့် လီဗာပူးက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရမယ့်အသင်းမျိုးဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ ရှိသင့်ပါတယ်။ လာမယ့်နှစ်လလောက်အတွင်းမှာ သူတို့တွေ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ကောင်းဖြစ်လာနိုင်သလို အနိမ့်ဆုံး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်ကောင်း တက်ရောက်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ တစ်ဦးချင်းအရည်အသွေးတွေကိုလည်း မြင်တွေ့ခဲ့ရပြီး ခြားနားတဲ့အဆင့်အတန်းတစ်ခုမှာ ရှိနေပြန်ပါတယ်။ လီဗာပူးကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ အချို့ကဏ္ဍတွေမှာလည်း အခုလိုမြင်တွေ့ရလို့ ဝမ်းသာမိခဲ့ပါတယ်”လို့ ပြောပါတယ်။