The network connection is lost.

Banner Image

ဒီယက်ဇ်ထွက်ခွာသွားပြီးနောက် အီဆက်ခ်အတွက် စံချိန်တင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်လာတဲ့ လီဗာပူး

ဘိုင်ယန်မြူးနစ်ဆီ လူးဝစ်ဒီယက်ဇ်ထွက်ခွာသွားဖို့ သေချာသလောက်ဖြစ်လာခဲ့ပြီးနောက် နယူးကာဆယ်ကြယ်ပွင့် အီဆက်ခ်အတွက် စံချိန်တင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ လီဗာပူးတို့ ပြင်ဆင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။ ကြိုးကြာနီတွေကိုယ်တိုင်လည်း ဒီယက်ဇ်ထွက်ခွာမှုမှရရှိလာမယ့် ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းကို ကစားသမားသစ်ရှာဖွေမှုမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေပြီး အခုအချိန်မှာတော့ ဆွီဒင်တိုက်စစ်မှူးဟာ သူတို့ရဲ့အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်တိုက်စစ်မှူးကိုယ်တိုင်လည်း ဆော်ဒီဘက်မှကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ပြီး မာဆေးဆိုဒ်ဆီပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ဒီယက်ဇ်ရဲ့ ဘိုင်ယန်မြူးနစ်ဆီ ပေါင် ၆၅ သန်းတန်အပြောင်းအရွှေ့ ပြီးမြောက်သွားဖွယ်ရှိပြီး ဒါက အီဆက်ခ်အတွက် လီဗာပူးရဲ့ကြိုးပမ်းမှုကို လမ်းဖွင့်ပေးသွားပါလိမ့်မယ်။ နယူးကာဆယ်တိုက်စစ်မှူးကိုယ်တိုင်လည်း မာဆေးဆိုဒ်ကလပ်အသင်းရဲ့ဦးစားပေးတိုက်စစ်ပစ်မှတ်အဖြစ် ရှိနေခဲ့တာပါ။ သတင်းတွေအရ အီဆက်ခ်က လီဗာပူးဆီပြောင်းရွှေ့နိုင်ဖို့ အယ်လ်ဟီလယ်ရဲ့လှုပ်ရှားမှုတစ်ခုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုကလည်း အီဆက်ခ်အတွက် စံချိန်တင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ လီဗာပူးတို့ ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဘင်ဂျက်ကော့ဘ်ကတော့ ကြိုးကြာနီတွေဟာ ဆင်ကန်းတောတိုး မလုပ်ဘဲ နယူးကာဆယ်ရဲ့အားပေးမှုရရှိမှသာ အပြောင်းအရွှေ့အတွက် ဆက်လက်ကြိုးပမ်းလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ အီဆက်ခ်ကတော့ အခုနွေရာသီကာလအတွင်း စိန့်ဂျိမ်းစ်ပတ်မှထွက်ခွာခွင့်ရရှိဖို့ တောင်းဆိုခဲ့သလို အပြောင်းအရွှေ့အတွက်လည်း တွန်းအားပေးနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

လီဗာပူးက တိုက်စစ်ပိုင်းအတွက် ဟူဂိုအီကီတီကီအပါအဝင် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပေါင်သန်း ၃၀၀ နီးပါး သုံးစွဲပြီးဖြစ်ပေမယ့် ရပ်တန့်သွားမယ့်အလားအလာ မတွေ့ရသေးပါဘူး။ ဒီယက်ဇ်ထွက်ခွာမှု၊ ဒါဝင်နူနက်ဇ် အသင်းပြောင်းရွှေ့နိုင်မှုတို့နဲ့အတူ အီဆက်ခ်ကို အန်းစလော့ရဲ့တိုက်စစ်ပိုင်းပြန်လည်တည်ဆောက်မှုမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် မြင်တွေ့လာရပါတယ်။ တချိန်တည်းမှာပဲ နယူးကာဆယ်က မက်လောက်စရာကမ်းလှမ်းမှုတစ်ခုကို လက်ခံဖို့ရှိ၊မရှိ ဆုံးဖြတ်သွားရပါလိမ့်မယ်။

ကြိုးကြာနီတွေက ကမ်းလှမ်းမှုမလုပ်ခင် နယူးကာဆယ်ရဲ့ရပ်တည်ချက်အပေါ် အနီးကပ်စောင့်ကြည့်နေပြီး ငှက်ကျားတွေသာ လက်ခံမယ်ဆိုရင် မြန်မြန်ဆန်ဆန်လှုပ်ရှားသွားဖို့ ပြင်ဆင်ထားပါတယ်။ အီဆက်ခ်ကိုယ်တိုင်လည်း ဖလော်ရီယန်ဝစ်ဇ်အပြီး အန်းစလော့လက်အောက်လီဗာပူးအသင်းအတွက် အရေးပါတဲ့ကစားသမားသစ်ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။