ပေါင် ၇၈ သန်းတန်စာချုပ်နဲ့ အာနိုးလ်ကို သက်တမ်းတိုးဖို့ကမ်းလှမ်းလာတဲ့ လီဗာပူး
လီဗာပူးဟာ ရာသီကုန်မှာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်ဖွယ်ရှိနေတဲ့ အဓိကနောက်ခံလူ အလက်ဇန်းဒါးအာနိုးလ်ကို ပေါင် ၇၈ သန်းတန်စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီး သက်တမ်းတိုးဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
သတင်းတွေအရ အာနိုးလ်အနေနဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အန်ဖီးလ်မှာ ဆက်လက်နေထိုင်မယ်ဆိုပါက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိရရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။ သို့သော် တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်ကလည်း မက်လောက်စရာဘောနပ်စ်တွေနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေပြီး အင်္ဂလန်လက်ရွေးစင်ကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဒါကြောင့် အာနိုးလ်အနေနဲ့ သူ့ရဲ့မွေးရပ်မြေကလပ်ဖြစ်ပြီး ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့အထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ လီဗာပူးနဲ့ ကမ္ဘာ့အစဉ်အလာအကြီးဆုံးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်တို့အကြား ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချမှတ်သွားရဖွယ်ရှိနေပါတယ်။ ယခုအခါမှာ လီဗာပူးက ကြီးမားတဲ့ငွေကြေးနဲ့ကမ်းလှမ်းနေသလို ရီးရဲလ်မက်ဒရစ်မှာလည်း သူ့ရဲ့အင်္ဂလန်အသင်းဖော်ဂျုဘယ်လင်ဟမ်နဲ့ တွဲဖက်ကစားခွင့်ကလည်း ရှိနေသေးတာဖြစ်ပါတယ်။
လီဗာပူးရဲ့ စီမံခန့်ခွဲမှုဌာနကတော့ အာနိုးလ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ တတ်နိုင်သမျှအရာအားလုံးကို ပြုလုပ်သွားမှာဖြစ်သလို အင်္ဂလန်သားကို ထိန်းသိမ်းထားနိုင်ဖို့လည်း ယုံကြည်ချက်ရှိနေတယ်လို့ဆိုပါတယ်။ အခုလိုကြီးမားတဲ့ကမ်းလှမ်းချက်ကလည်း အင်္ဂလန်သားဟာ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်နေတဲ့အပြင် ကလပ်ရဲ့ ဂန္ထဝင်ကစားသမားဖြစ်လာဖို့ အလားအလာရှိနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာနိုးလ်ဟာ ဝါရင့်နောက်ခံလူ ဗန်ဒိုက်ခ်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံဖို့အတွက်လည်း အဆင်သင့်ရှိနေတာဖြစ်ပါတယ်။
သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ကလည်း အသင်းရဲ့နောက်တန်းလိုအပ်ချက်အရ အသက်-၂၆ နှစ်အရွယ်ကစားသမားကို နွေရာသီအထိမစောင့်တော့ဘဲ ယခုဆောင်းရာသီဈေးကွက်မှာပဲ ပေါင်သန်း ၂၀ နဲ့အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
သို့သော် တစ်ဖက်မှာလည်း လီဗာပူးဟာ ပြိုင်ပွဲစုံမှာ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေတာကြောင့် နည်းပြအန်းစလော့အနေနဲ့ အသင်းရဲ့လူစာရင်းကို အတောင့်တင်းဆုံးဖြစ်အောင် ပြင်ဆင်ထားလိုတာကြောင့် အာနိုးလ်ကို ရာသီကုန်အထိအသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေပါတယ်။