
အသင်းစတားတစ်ဦးကိုလက်လွှတ်ခဲ့ရလို့ စိတ်ပျက်မိကြောင်း လီဗာပူးအမှုဆောင် ဝါနာ ဝန်ခံပြောကြား
လီဗာပူးအမှုဆောင် တွမ်ဝါနာက အာနိုးလ်ကိုဆုံးရှုံးခဲ့ရလို့ စိတ်ပျက်မိကြောင်း ဝန်ခံပြောကြားလိုက်ပြီး ရီးရဲလ်က လျှော့ဈေးနဲ့ရရှိခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အာနိုးလ်ဟာ ဇွန်လမှာ ရီးရဲလ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စပိန်ကလပ်ဘက်က ကလပ်ကမ္ဘာ့ဖလားအမီခေါ်ယူချင်တာကြောင့်ပေါင် ၁၀ သန်းပေးချေခေါ်ယူခဲ့ပါတယ်။ ဝါနာက လီဗာပူးအကယ်ဒမီထွက်ကစားသမားရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီး သူ့အနေနဲ့ လွမ်းဆွတ်နေကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
“ထရန့်တ်ရဲ့အပြောင်းအရွှေ့အချက်အလက်ကို လေးစားပါတယ်။ သူ ၇ နှစ်အရွယ်တုန်းကပုံကို ကျွန်တော့်ကိုပြခဲ့ပါတယ်။ အသင်းအတွက်သူလုပ်ဆောင်ပေးခဲ့တဲ့အရာတွေအများကြီးပါ။
အခုအချိန်က သူအပြောင်းအလဲလုပ်ရမယ့်အချိန်ဖြစ်သလို သူ့နေရာအတွက် အစားထိုးရမယ့်အချိန်ပါ။ ကျွန်တော် အတိတ်မှာ သူလုပ်ဆောင်ပေးခဲ့တာတွေ ၊ ဘာစီလိုနာနဲ့ပွဲမှာ ထောင့်ကန်ဘောကန်ခဲ့တာကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။
အဲ့တာက ဉာဏ်ကောင်းတဲ့အလုပ်ဖြစ်သလို ပရိသတ်တစ်ဦးအနေနဲ့လည်း မြင်ချင်တဲ့အရာပါ။ သူ့ရဲ့ကိုက် ၃၀ အကွာက ဂိုးဖန်တီးပေးတာတွေကိုလည်း ကြည့်ခဲ့ရပါတယ်”လို့ ဝါနာက ဖြေကြားခဲ့ပါတယ်။ အာနိုးလ်ဟာ ကလပ်ကမ္ဘာ့ဖလားမှာ ရီးရဲလ်နဲ့အတူ ၃ ပွဲအထိ ပါဝင်ကစားထားပြီးဖြစ်ကာ တစ်ပွဲချင်းစီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။
အာနိုးလ်က သူ့အနေနဲ့ အသင်းအတွင်းက စွမ်းဆောင်ရည်ကိုသဘောကျမိတယ်လို့ ဝန်ခံပြောကြားခဲ့သလို ဗင်နီလိုကစားသမားမျိုးနဲ့ လေ့ကျင့်ခန်းမှာပဲရင်ဆိုင်ရတာက သူ့အတွက်သက်သာရာရစေခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အာနိုးလ်ဟာ လာမယ့်ဂျူဗင်တပ်စ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာလည်း ပါဝင်လာဖွယ်ရှိနေပြီး အနိုင်ရတဲ့အသင်းက ကွာတားဖိုင်နယ်မှာ ဒေါ့မွန် ဒါမှမဟုတ် မွန်တာရေးအသင်းတွေထဲကတစ်သင်းသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။