The network connection is lost.

Banner Image

အမှတ်ပေးချန်ပီယံဆုဖိအားကို လီဗာပူးအသင်း ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတဲ့ အန်းစလော့

ဝုဗ်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အမှတ်ပေးဇယားဦးဆောင်သူတွေအတွက် အဟန့်အတားတွေ ကြုံခဲ့ရပြီးနောက် အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းရဲ့ကြီးမားလှတဲ့ ဖိအားတွေကို လီဗာပူးအသင်း ကိုင်တွယ်နိုင်စွမ်းရှိပါတယ်လို့ နည်းပြအန်းစလော့က အတိအလင်းပြောခဲ့ပါတယ်။ စံချိန်တင်အကြိမ် ၂၀ မြောက်အင်္ဂလန်ချန်ပီယံဆုရယူနိုင်ရေးကြိုးပမ်းမှုမှာ အန်းစလော့ရဲ့အသင်းက ဒီည၊ အက်စတွန်ဗီလာကို အနိုင်ရရှိမယ်ဆိုရင် အမှတ်ပေးဇယားဒုတိယနေရာရှိ အာဆင်နယ်ထက် ၁၀ မှတ်အထိ အသာရရှိသွားပါလိမ့်မယ်။

ဒါပေမယ့် အခုဘောလုံးရာသီ၊ အချိန်ကာလအများစုမှာ အကောင်းဆုံးပုံစံရှိနေခဲ့တဲ့ လီဗာပူးအသင်းက လတ်တလောပွဲစဉ်တွေမှာတော့ စိတ်ချရမှုနည်းပါးတဲ့ပုံစံမျိုး ပြသနေပြီး ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ကို အက်ဖ်အေဖလားပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သလို အဲဗာတန်နဲ့မာဆေးဆိုဒ်ဒါဘီမှာ သရေ၊ တန်းဆင်းဇုန်အန္တရာယ်ရင်ဆိုင်နေရတဲ့ ဝုဗ်ကို အနိုင်ရရှိအောင် ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။

ဝုဗ်နဲ့ပွဲစဉ်အပြီး လီဗာပူးဘယ်အစွန်နောက်ခံလူရော်ဘတ်ဆန်က ပန်းဝင်ဖို့နီးကပ်လာလေလေ၊ ကစားသမားတွေဆီမှာ မထိတ်သာမလန့်သာဖြစ်လာလေလေလို့ ပြောဆိုရင်း ဒါ သဘာဝကျပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် အန်းစလော့ကတော့ အခုရာသီ၊ ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် နိုင်ပွဲများစွာရယူပြခဲ့တဲ့ လီဗာပူးအသင်းရဲ့ အစွမ်းအစကိုထောက်ပြရင်း ဖိအားတွေအောက်မှာ သူတို့တွေ မပြိုလဲသွားနိုင်ဘူးလို့ သက်သေပြသွားခဲ့ပါတယ်။

အန်းစလော့က “ဒါက ကျွန်တော်တို့ကြောင့်မဟုတ်ဘဲ ရာသီကုန်ဆုံးဖို့နီးကပ်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေရဲ့အမြင်လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့က အလွန်ကျဉ်းမြောင်းတဲ့ရလဒ်မျိုးနဲ့ အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ နိုင်ပွဲများစွာ ရရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့အဝေးကွင်းပွဲစဉ်ကိုလည်း ကျွန်တော် မှတ်မိနေပါသေးတယ်။ အဆုံးမှာတော့ အလွန်ကျဉ်းမြောင်းတဲ့ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ရာသီကုန်အထိ အခုလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့တွေက စိုးရိမ်ထိတ်လန့်မှုတွေအကြောင်း ဆွေးနွေးပြောဆိုကြပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ခုရရှိဖို့အတွက် ၁-၀ ဂိုးနဲ့ ဦးဆောင်ထားမယ်ဆိုရင်တောင် ခံစစ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုတွေ အများကြီးလိုအပ်ပါလိမ့်မယ်”လို့ ပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်း၊ နယူးကာဆယ်ကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံး ၁၅ ပွဲဆက်ရှုံးပွဲမရှိထားတဲ့ အာဆင်နယ်ကြောင့်လည်း အန်ဖီးလ်အရပ်မှာ စိုးရိမ်မှုတွေ တိုးပွားလာခဲ့ပါတယ်။ လီဗာပူးကစားသမားအတော်များများကတော့ ယာဂန်ကလော့ပ်လက်အောက် ၂၀၂၀ ပြည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးချိန် အမှတ်ပေးချန်ပီယံပြေးလမ်းအတွေ့အကြုံကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

အန်းစလော့ကိုယ်တိုင်လည်း ဖီယင်နုနဲ့အတူ ဒတ်ချ်ချန်ပီယံဖြစ်လာတဲ့ဘောလုံးရာသီရဲ့ နောက်ဆုံးသီတင်းပတ်တွေအတွင်း စိုးရိမ်ပူပန်မှုတွေကို အောင်အောင်မြင်မြင်ဖြတ်ကျော်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုအောင်ပွဲဆင်နိုင်မှုတွေက အခုဘောလုံးရာသီ၊ လီဗာပူးအသင်းအတွက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ကြိုးကြာနီတွေရဲ့နည်းပြဆီမှာ ခံစားချက်တွေ ရှုပ်ထွေးနေခဲ့ပါတယ်။

အန်းစလော့က “ကစားသမားတွေအပေါ်မှာပဲ အတော်လေးအားကိုးမိပါတယ်။ သူတို့ကိုယ်တိုင်ပဲ တောက်ပမှုတွေပြသကာ စွမ်းဆောင်ရည်ကောင်းတွေ ယူဆောင်ပေးလာရပါမယ်။ အခုဖိအားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်လို့ အစည်းအဝေးတစ်ခုတစ်လေတောင် မလုပ်ပါဘူး။ ဒါက ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။ ကစားသမားတွေက ဖိအားတွေအများကြီးရှိတဲ့ ပွဲစဉ်တွေ ကစားနေကျဖြစ်လို့ အကူအညီရပါတယ်။ ဒါပေမယ့် ဖိအားတွေ အရမ်းကြီးမားသွားအောင်တော့ မလုပ်မိစေနဲ့ပေါ့။ အတွေ့အကြုံဆိုတာ တန်ဖိုးဖြတ်လို့ မရပါဘူး။

ဖီယင်နုနဲ့အတူ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာဖို့ဆိုတာ ခက်ခဲပါတယ်။ မတူညီလိဂ်၊ မတူညီတဲ့ပြိုင်ဘက်နဲ့ မတူညီတဲ့ကစားသမားတွေ ဖြစ်နေလို့ပါ။ ပြီးတော့ သူတို့တွေရဲ့တစ်ကြိမ်တည်းသော လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ချိန်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကွင်းပိတ်ကစားရပြီး ၂၅ မှတ်အထိ အသာစီးရယူထားနိုင်ခဲ့တယ်ဆိုတဲ့ အချက်တစ်ခုလည်း ရှိပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်တုန်းကတော့ ဖိအားတွေ မရှိသလောက်ပါပဲ”လို့ ပြောပါတယ်။

အလားတူ အက်စတွန်ဗီလာမှာ လီဗာပူးအတွက် ဖိအားတွေပေါင်းထည့်ပေးနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတာ အန်းစလော့သိထားပြီး ဝုဗ်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့မှုရဲ့အကျိုးဆက်ကြောင့် အခုပွဲစဉ်မှာ သူတို့တွေ ကောင်းကောင်းရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အန်းစလော့က “ အက်စတွန်ဗီလာဆီမှာ အရမ်းကောင်းမွန်တဲ့ အိမ်ကွင်းမှတ်တမ်းရှိပါတယ်။ ပွဲစဉ်ဇယားကို ကြည့်လိုက်ချိန်မှာပဲ ဗီလာနဲ့ရင်ဆိုင်ရမယ့်အဝေးကွင်းပွဲစဉ်က ရင်ဆိုင်ရမယ့်အခက်ခဲဆုံးပြိုင်ပွဲတွေအနက် တစ်ခု ဖြစ်မယ်ဆိုတာကို ခင်ဗျားတို့အားလုံးလည်း သိကြပါတယ်။ အရမ်းကောင်းတဲ့ပွဲအစီအမံတစ်ခု အမြဲလိုလိုရှိထားတဲ့ အရမ်းကောင်းတဲ့နည်းပြတစ်ဦး ကိုင်တွယ်နေတဲ့ အသင်းပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ကျွန်တော်တို့တွေ အကောင်းဆုံးမကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးစက္ကန့်မှာ ချေပဂိုးပေးလိုက်ရတဲ့ အဲဗာတန်နဲ့ပွဲစဉ်ထက်စာရင် မတူညီတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းခဲ့ပါတယ်။ ဒါက အဆုံးသတ်အချိန်အထိ တိုက်ပွဲဝင်သွားမယ့်အသင်းဖြစ်တယ်လို့ ပြောလိုက်သလိုမျိုးပါပဲ။ တစ်ခုခုကို အရယူချင်တယ်ဆိုရင် အနိုင်ရရှိအောင်လုပ်သွားရမယ့်ပွဲစဉ်တွေ အများကြီးရှိနေပါသေးတယ်”လို့ ပြောပါတယ်။ ဗီလာပတ်ခ်မှာကစားရမယ့်ပွဲစဉ်အတွက် အန်းစလော့ရဲ့အသင်းမှာ ကိုဒီဂတ်ပိုနဲ့ တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့် ဂျိုးဂိုးမက်ဇ်တို့ မပါဝင်လာပါဘူး။