The network connection is lost.

Banner Image

မက်ဆီရဲ့အင်တာမီယာမီအသင်းဖော်တွေကို ကျောက်ရုပ်တွေလို့ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ အီဘရာဟီမိုဗစ်

တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်မှာ အင်တာမီယာမီဟာ ပီအက်စ်ဂျီကို ၄-၀ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ပွဲအပြီးမှာတော့ ဇလာတန်အီဘရာဟီမိုဗစ်က အင်တာမီယာမီကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ကျောက်ရုပ်တွေနဲ့ တစ်သင်းတည်းအတူကစားခဲ့ရတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ မီယာမီတို့အကြား ခြေစွမ်းကွာဟာချက်ဟာ အတော်လေးကြီးမားခဲ့ပြီး ဥရောပချန်ပီယံလိဂ်ချန်ပီယံတွေဟာ အမေရိကသားတွေကို ဘောလုံးဘယ်လိုကစားရမလဲ သင်ခန်းစာကောင်ကောင်းပေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကစားသမားအရည်အသွေးကွာဟချက်ကြီးမားလွန်းတာကြောင့် အင်တာမီယာမီကြယ်ပွင့် မက်ဆီအနေနဲ့လည်း တတ်နိုင်သလောက်ရုန်းကန်ခဲ့ပေမယ့် အသင်းကိုမကယ်တင်နိုင်ခဲ့ဘဲ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဂိုးပြတ်ရှုံးပွဲကြောင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှောင်ပြောင်ဝေဖန်မှုတွေပြုလုပ်ခံထားရပေမယ့် ကစားသမားရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း အီဘရာဟီမိုဗစ်ကတော့ သူ့မိတ်ဆွေဘက်ကနေ ခုခံကာကွယ်ပြောဆိုလာခဲ့ပါတယ်။ 

အီဘရာဟီမိုဗစ်က "မက်ဆီမရှုံးပါဘူး။ သူ့အမှားကြောင့်ရှုံးတာမဟုတ်ရင် သူ့ကိုဘယ်တော့မှရှုံးတယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့် အင်တာမီယာမီပဲရှုံးပါတယ်။ မက်ဆီက ကျောက်ရုပ်တွေနဲ့တစ်သင်းတည်းအတူတူကစားခဲ့ရတာပါ။ တကယ်လို့ သူသာ ပဲရစ် ဒါမှမဟုတ် မန်ချက်စတာတို့လို အသင်းကြီးတွေမှာကစားမယ်ဆိုရင် သူကတကယ့်ခြင်္သေ့တစ်ကောင်ဖြစ်တယ်ဆိုတာ မြင်တွေ့ရဦးမှာပါပဲ"

"မက်ဆီက သာမန်ကစားသမား ၉၉ ရာခိုင်နှုန်းလောက်မလုပ်နိုင်တဲ့အရာတွေကို လုပ်ပြထားတဲ့ကစားသမားပါ။ ဒါပေမယ့် အခုချိန်မှာတော့ သူ့ဘေးမှာကျောက်ရုပ်တွေပဲရှိနေလို့ သူ့အတွက်ခက်ခဲစေပါတယ်။ ဘယ်လိုနည်းပြ ဘယ်လိုကစားသမားမျိုးမှ ဘောလုံးမရဘဲ ဘောလုံးကန်လို့မရပါဘူး။ မက်ဆီက ရော်နယ်ဒို၊ အမ်ဘာပေ၊ ဟာလန်း၊ ဇလာတန်တို့လိုကစားသမားတွေနဲ့ အတူတူတွဲကစားနေရတာလည်းမဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုဘယ်တော့မှအပြစ်မတင်ပါနဲ့" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မိုဗစ်က မက်ဆီရဲ့ဘောလုံးအရည်အသွေးဟာ ထိပ်တန်းအဆင့်မှာတည်ရှိနေဆဲဖြစ်တာကြောင့် မီယာမီထက်ပိုကောင်းတဲ့ အသင်းကြီးတစ်သင်းမှာကစားသင့်တယ်လို့ဆိုပါတယ်။ ဆွီဒင်လက်ရွေးစင်ဟောင်းက "တကယ်လို့ မက်ဆီကိုသာ အသင်းကြီးတစ်သင်းထဲမှာထားမယ်ဆိုရင် တစ်ကွင်းလုံးမှာ သူ့ခြေရာတွေပဲမြင်တွေ့ရပါလိမ့်မယ်။ မက်ဆီက မက်ဆီဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ဒီနေ့မှာ သူမရှုံးပါဘူး။ အင်တာမီယာမီနဲ့ ဘောလုံးလောကတစ်ခုလုံးရှုံးပါတယ်" လို့ပြောကြားခဲ့ပါတယ်။