
ပြင်သစ်လိဂ်မှာ ယှဉ်ပြိုင်နိုင်တဲ့ အသင်းတွေ ဆော်ဒီမှာ ဘယ်နှသင်းရှိသလဲလို့ အမေးခံလိုက်ရတဲ့ ရော်နယ်ဒို
လီဂူးဝမ်းဟာ ပိုမိုလေးစားမှုရထိုက်ပြီး ပြင်သစ်မှာ ယှဉ်ပြိုင်နိုင်တဲ့ ဆော်ဒီကလပ် ၂ ခု ၃ ခု လောက်သာရှိကြောင်း အယ်လ်နာဆာ ကြယ်ပွင့်က ပြောကြားခြင်း ခံလိုက်ရတာပါ။ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်လ်ဒိုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Globe Soccer Awards ပွဲတွင် "ဆော်ဒီပရိုလိဂ်က လီဂူးဝမ်းထက် ပိုကောင်းပါတယ်။ ကျွန်တော်ဒီမှာကစားနေလို့ ဒီလိုပြောတာမဟုတ်ပါဘူး။ လူတွေဘာတွေးတွေး ကျွန်တော်ဂရုမစိုက်ပါဘူး။ ကစားသမားတွေ ဒီကိုလာရင် မြန်မြန်သိသွားပါလိမ့်မယ်။ ၃၈၊ ၃၉၊ ၄၀ ဒီဂရီရှိတဲ့ အပူချိန်မှာ ပြေးကြည့်ပါ။ လာရင် သိသွားပါလိမ့်မယ်။ ကျွန်တော့်စကားကို မယုံရင် လာကြည့်ပါ။ ပြင်သစ်မှာ ပီအက်စ်ဂျီ တစ်သင်းပဲရှိပါတယ်။ ကျန်တဲ့အသင်းတွေအားလုံး လမ်းဆုံးနေပါပြီ။ ဘယ်အသင်းကမှ သူတို့ကို မနိုင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံအများဆုံးနဲ့ အကောင်းဆုံးကစားသမားတွေရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒီအချိန်မှစပြီး ပြင်သစ်လိဂ်နှင့် ဆက်နွယ်နေတဲ့ ထင်ရှားကျော်ကြားသူများက ရော်နယ်လ်ဒိုအား ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။ သူရဲ့ပြောကြားချက်များကို ဘက်လိုက်မှုများဖြင့် ပြည့်နှက်နေတယ်လို့လည်း ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးတွင် အမြတ်အစွန်းအများဆုံးရရှိတဲ့ စာချုပ်ဖြင့် အရှေ့အလယ်ပိုင်းတွင် ကစားနေလို့ပါ။
ယခုအခါတွင် ပြင်သစ်လက်ရွေးစင်ဟောင်း လိုက်ရေမီက ထိုအငြင်းပွားဖွယ်ရာကိစ္စအပေါ် သူ၏ထင်မြင်ချက်ကို ပြောခဲ့ပါတယ်။ မာဆေးလ်နှင့် လိုင်လီတို့တွင် ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်းက Plejmo.com သို့ "ကျွန်တော်ဟာ ရော်နယ်လ်ဒိုကို လူသားတစ်ယောက်အနေနဲ့နဲ့ သူ့ရဲ့ကစားသမားဘဝကို လေးစားပါတယ်။ ဒါပေမယ့် ပြင်သစ်လိဂ်ဟာ ပိုပြီးလေးစားမှုရထိုက်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြင်သစ်ကိုထွက်သွားပြီး လေးနှစ်အကြာမှာ ပြန်လာတဲ့အခါ ဘယ်လောက်တိုးတက်လာလဲဆိုတာ အံ့သြသွားပါတယ်။အကြီးအကျယ်တိုးတက်မှုတွေကို တွေ့မြင်ခဲ့ရပါတယ်။ အခုဆိုရင် နည်းပညာပိုင်းနဲ့ နည်းဗျူဟာပိုင်းမှာ အရည်အသွေးတွေ ပိုမြင့်လာပါတယ်။ ပြင်သစ်အသင်းတွေရဲ့ ချန်ပီယံလိဂ်ရလဒ်တွေကို ကြည့်ရင် သိနိုင်ပါပါတယ်"
"ဆော်ဒီအကြောင်း ကျွန်တော်အများကြီးမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ မကစားဖူးလို့ပါ။ ဒါပေမယ့် ထိပ်တန်း ၂ သင်း ဒါမှမဟုတ် ၃ သင်းလောက်ကသာ ပြင်သစ်မှာ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါတယ်။ ကျန်တဲ့အသင်းတွေတော့ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။