The network connection is lost.

Banner Image

ဗယ်လာဒိုးလစ်ကြောင့် အင်တာမီလန်နဲ့ပွဲစဉ်အတွက် အခက်ကြုံရတယ်လို့ ဝန်ခံလိုက်တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာက ထိတ်လန့်စရာအခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရပြီးနောက် အမှတ်ပေးဇယားအောက်ခြေရှိ ဗယ်လာဒိုးလစ်ကို ၁-၂ ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ယူကာ လာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ကတ္တလန်သားတွေက အနီးဆုံးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ထက် တစ်ပွဲပိုကစား၊ ခုနစ်မှတ်အသာရရှိကာ အမှတ်ပေးဇယားဦးဆောင်နေမှုကို ဆက်လက်တိုးမြှင့်နိုင်ခဲ့ပါတယ်။

အိုင်ဗန်ဆန်းချက်ဇ်ရဲ့ ဗယ်လာဒိုးလစ်အတွက် အစောပိုင်းဦးဆောင်ဂိုးက ပွဲကြိုခန့်မှန်းမှုတွေကို ကမောက်မကဖြစ်စေခဲ့ပြီး ပွဲထွက်လူစာရင်းပိုင်းအလှည့်အပြောင်းကြီးကြီးမားမားပြုလုပ်ထားတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းကို အတော်လေးအခက်တွေ့စေခဲ့ပါတယ်။ အင်တာမီလန်နဲ့တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အပြီး ဟန်စီဖလစ်ခ်က အခုပွဲစဉ်အတွက် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိတဲ့ ဂိုးသမားတာစတီဂန်အပါအဝင် ပွဲထွက်လူစာရင်းကို ကိုးနေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာနည်းပြက ပထမပိုင်းပွဲချိန်မပြီးဆုံးခင်လေးမှသာ ယာမယ်လ်ကို လူစားလဲထည့်သွင်းခဲ့သလို အရေးပါတဲ့ချေပဂိုးရှင်ရာဖင်ဟာကိုလည်း ဒုတိယပိုင်းပွဲချိန်မှသာ လူစားလဲထည့်သွင်းကစားစေခဲ့ပါတယ်။ဖာမင်လိုပက်ဇ်ရဲ့ အနိုင်ဂိုးကြောင့် အခုပွဲစဉ်အတွက် အောင်နိုင်သူတွေဟာ ဟန်စီဖလစ်ခ်ရဲ့အသင်းသာ ဖြစ်တယ်လို့ သက်သေပြခဲ့ပြီး အခုလကုန်၊ လာလီဂါချန်ပီယံဆုရယူနိုင်ရေး ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။

ဗယ်လာဒိုးလစ်ရဲ့စွမ်းဆောင်ပိုင်းကြောင့် နည်းဗျူဟာပိုင်းအပြောင်းအလဲတစ်ခု မဖြစ်မနေလုပ်ဆောင်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ ဟန်စီဖလစ်ခ်ရဲ့စိတ်အာရုံက အခုအချိန်မှာတော့ မေ ၆ ရက်၊ မီလန်မြို့မှာ ကစားရမယ့်ပွဲစဉ်ဆီ ပြောင်းလဲရောက်ရှိသွားပါပြီ။ ဟန်စီဖလစ်ခ်က “ ပက်ဒရီနဲ့ ဒီဂျောင်ကို ၄၅ မိနစ်စီပဲ ကစားစေဖို့ ကျွန်တော် စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ရာဖင်ဟာနဲ့ လမိုင်းယာမယ်လ်အတွက်လည်း ပွဲကစားချိန်မိနစ်အချို့ ပေးချင်ခဲ့ပါတယ်။

ဘယ်သူ့ကိုမှ စိတ်မပျက်မိပါဘူး။ ကျွန်တော်တို့က ပွဲထွက်လူစာရင်းပိုင်းကို ကိုးနေရာအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ သူတို့တွေက လူငယ်ကစားသမားလေးတွေဖြစ်ပြီး သူတို့အပေါ် ကျွန်တော် ယုံကြည်မှုရှိပါတယ်။ လွယ်တော့ မလွယ်ပါဘူး။ ဒီနေရာမှာ တိုက်စစ်ခံစစ်ကူးပြောင်းမှုတွေနဲ့ အမှားအယွင်းအချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အရူဂျိုနဲ့ ခရစ္စတန်ဆန်တို့လည်း အကောင်းဆုံးကစားခဲ့ပါတယ်။ အလားတူ တာစတီဂန်လည်း ကစားပုံကောင်းခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဟန်စီဖလစ်ခ်က တာစတီဂန်ပြန်လာနိုင်ပြီဖြစ်ပေမယ့် လာမယ့်ရက်ပိုင်းအတွင်း အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်တွေမှာ ဂိုးသမားဆက်ဇ်နီကို ပွဲထွက်ခွင့်ပေးသွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ဗယ်လာဒိုးလစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ပွဲချိန်နှောင်းပိုင်းမှာ ဒဏ်ရာပြဿနာတစ်ခုကြုံတွေ့ခဲ့ရတဲ့ ဂါဗီအတွက် အဆင်ပြေနေမယ်လို့ မျှော်လင့်ရပေမယ့် လာမယ့် ၄၈ နာရီအတွင်း စပိန်လက်ရွေးစင်ကစားသမားကို စစ်ဆေးစမ်းသပ်မှုတစ်ခု ပြုလုပ်သွားရမယ်လို့ သိရပါတယ်။