The network connection is lost.

Banner Image

စပိန်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်က သူ့အတွက် နောက်ဆုံးပွဲစဉ်ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်နေတဲ့ တိုနီခရူးစ်

ကစားသမားဘဝ အနားယူတော့မယ့် ဂျာမန်ဂန္တဝင်ကွင်းလယ်လူ တိုနီခရူးစ်က လာမယ့်သောကြာနေ့၊ စပိန်နဲ့ရင်ဆိုင်ကစားရမယ့် ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ သူ့အတွက် ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ထားကြောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း တိုနီခရူးစ်က အမိမြေမှာကျင်းပတဲ့ ယူရိုပြိုင်ပွဲကြီးအပြီး ကစားသမားဘ၀ အနားယူမယ်လို့ ကြေညာထားခဲ့လို့ အခုသီတင်းပတ်သောကြာနေ့၊ စတုဂတ်မြို့မှာ ရင်ဆိုင်ရမယ့်ပွဲစဉ်က သူ့အတွက် နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်လို့ အဓိပ္ပါယ်ထွက်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဖော် ဟိုဆေးလူကလည်း အခုသီတင်းပတ်မှာ တိုနီခရူးစ်ကို ကစားသမားဘဝအနားယူသွားအောင် လုပ်ပေးချင်တယ်လို့ ထုတ်ပြောခဲ့ပေမယ့် အသက်-၃၄ နှစ်အရွယ်ကွင်းလယ်ကစားသမားကတော့ ဇူလိုင် ၁၄ ရက်၊ ဘာလင်မြို့မှာ ကျင်းပမယ့် ယူရို-၂၀၂၄ ဗိုလ်လုပွဲကြီးနဲ့ပတ်သက်လို့ သူ့ရဲ့ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်ခဲ့ပါတယ်။

ယမန်နေ့(ဗုဒ္ဓဟူးနေ့)သတင်းထောက်တွေနဲ့တွေ့ဆုံချိန် တိုနီခရူးစ်က “ကျွန်တော်တို့တွေ ပြိုင်ပွဲထဲမှာ ခဏလောက်တော့ ရှိနေပါဦးမယ်။ လာမယ့်သောကြာနေ့ပွဲစဉ်က ကျွန်တော့်ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့လည်း မယူဆမိပါဘူး။ ကျွန်တော်တို့တွေ နောက်တစ်ကြိမ်ပြန်တွေ့ရဦးမယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်ကိုလည်း ကျွန်တော် မျှော်လင့်နေပါတယ်”လို့ ပြောပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားဆုရှင်က လက်ရွေးစင်ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ အနားယူခဲ့ပေမယ့် ပြီးခဲ့တဲ့မတ်လအတွင်းမှာတော့ အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ သဘောတူညီခဲ့ပါတယ်။

တိုနီခရူးစ်က “အသင်းဆီပြန်လာမယ်ဆိုတဲ့ အိုင်ဒီယာက ယူရိုဆုဖလား ဆွတ်ခူးနိုင်ရေးရည်မှန်းချက်နဲ့ ဆက်စပ်နေခဲ့ပါတယ်။ တကယ်လို့ အသင်းနဲ့အတူ ဒီလိုအခွင့်အလမ်းမျိုးသာ မမြင်တွေ့မိဘူးဆိုရင် ဒီဆုံးဖြတ်ချက်ကို ချမိစရာအကြောင်း လုံးဝမရှိပါဘူး”လို့ ဆိုပါတယ်။

တိုနီခရူးစ်က နိုင်ငံ့လက်ရွေးစင်အဆင့်၊ ကလပ်ကစားသမားအဆင့်တွေမှာ အောင်မြင်မှုများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။