The network connection is lost.

Banner Image

ဘာစီလိုနာမှာဆက်နေဖို့ မဆုံးဖြတ်ရသေးကြောင်း ပြောကြားလာတဲ့ လီဝန်ဒေါစကီး

ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ယခုရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်းမရှိသလို၊ အသင်းမှာဆက်နေဖို့အတွက်လည်း ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

လီဝန်ဒေါစကီးကို ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားမှုတွေမြင့်တက်နေပေမယ့် ကစားသမားက သူ့အနေနဲ့ အရှေ့အလယ်ပိုင်းသို့ပြောင်းရွှေ့ဖို့အတွက်လည်း မစဉ်းစားရသေးကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ပိုလန်သားက "ဆုံးဖြတ်မှုတွေပြုလုပ်ဖို့ အချိန်တွေကျန်ပါသေးတယ်။ ကျွန်တော့်မှာ ဘာဖိအားမှမရှိသလို၊ အခုချိန်မှာ ဘယ်လမ်းကြောင်းကိုသွားရမလဲဆိုတာလည်း မစဉ်းစားရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။

လီဝန်‌ဒေါစကီးအနေနဲ့ ဘာစီလိုနာနဲ့စာချုပ်သက်တမ်းတိုးမြှင့်ပါက လက်ရှိရနေတဲ့ လုပ်ခလစာထက် လျှော့ယူသွားရဖွယ်ရှိနေပေမယ့် ကစားသမားက လစာလျော့မှာကို စိတ်ပူခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။  လီဝန်ဒေါစကီးက "ကျွန်တော့်ရဲ့လစာကို တစ်ဝက်လောက်အထိလျှော့ချရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က အဲဒီအပေါ်မှာ မူတည်မနေပါဘူး။ ကျွန်တော့်ကိုလိုချင်တဲ့အသင်းနဲ့ ကျွန်တော်ကလည်း အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့အသင်းကိုပဲ ရွေးချယ်ဖို့ဆုံးဖြတ်ထားပါတယ်" လို့ပြောကြားထားပါတယ်။

ဘာစီလိုနာမှာဆက်နေဖို့ရှိမရှိဆိုတဲ့မေးခွန်းကိုလည်း ကစားသမားက "လက်ရှိအသင်းမှာရှိနေတဲ့ အားကစားပရောဂျက်တွေအပေါ်မှာမူတည်ပါတယ်။ နည်းပြဟန်ဆီဖလစ်လက်အောက်မှာကျွန်တော့်အတွက်နေရာရှိနေရင်တော့ ဘာစီလိုနာမှာဆက်နေဖို့ရှိပါတယ်"

"ကျွန်တော့်ကစားသမားဘဝ နောက်ဆုံးအချိန်ကိုရောက်ဖို့နီးကပ်လာပြီဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ရည်မှန်းချက်တွေက ကြီးမားနေတုန်းပါပဲ။ ဒါကြောင့် ကျွန်တော် ကမ္ဘာ့ဖလားဝင်ခွင့်ရချင်တယ်။ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေလည်း လိုချင်နေတုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။