The network connection is lost.

Banner Image

၂ လအကြာမှာပဲ လက်စတာနဲ့နှုတ်ဆက်ခဲ့ရပြီဖြစ်တဲ့ ယူနိုက်တက်ဂန္ထဝင်

ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရပြီးနောက် လက်စတာအသင်းဟာ နည်းပြ နစ္စတယ်ရွိုင်းလ်ကို ထုတ်ပယ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်းဟာ လက်စတာကို ၂ လကြာကိုင်တွယ်ပြီးနောက် တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ လက်စတာဘက်က နစ္စတယ်ရွိုင်းလ်အနေနဲ့ တန်းဆင်းမယ့်အရေးကနေ ကယ်တင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ခန့်အပ်ခဲ့ပေမယ့် အဆင့် ၁၈ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အင်္ဂလန်မှာ နည်းပြအတွေ့အကြုံကန့်သတ်ချက်ရှိပေမယ့်လည်း နစ္စတယ်ရွိုင်းလ်အနေနဲ့ လက်စတာအခြေအနေကိုပြောင်းလဲနိုင်မယ်လို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် လက်စတာကစားသမားတွေ ၊ နည်းပြတွေ ၊ အကယ်ဒမီ နဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့က ကျွန်တော်အသင်းမှာရှိနေတဲ့အချိန်အတွင်းမှာ ပရော်ဖက်ရှင်နယ်ကျကျအလုပ်လုပ်ပေးခဲ့ကြပါတယ်။ အားပေးထောက်ခံခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်သလို အနာဂတ်မှာအသင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ နစ္စတယ်ရွိုင်းလ်က ပြောကြားခဲ့ပါတယ်။

လာမယ့်ရာသီသစ်အတွက် လက်စတာအနေနဲ့ နည်းပြသစ်ရှာဖွေရမှာဖြစ်ပြီး လာမယ့်အပတ်ထဲမှာ ရာသီကြိုခရီးစဉ်အတွက် စတင်မှာဖြစ်ပါတယ်။ နည်းပြသစ်နေရာအတွက် ရှောင်ဒိုက်ကို မျက်စိကျနေပြီး တကယ်လို့နည်းပြသစ်မခန့်အပ်နိုင်ခဲ့ရင် အသင်းမှာရှိတဲ့ဝန်ထမ်းတွေက ရာသီကြိုခရီးစဉ်ကို ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ အသင်းဘက်ကတော့ လာမယ့်ဇွန်လ ၃၀ ရက်မတိုင်ခင် အစီအစဉ်တွေကို အကောင်အထည်ဖော်မယ်လို့ အတည်ပြုထားပါတယ်။