
အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ဘရာဇီးနည်းပြ အန်ဆယ်လော့တီ
ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာလည်း အသင်းဘက်က စာချုပ်သက်တမ်းတိုးမယ်ဆိုရင် ဆက်နေမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရဲလ်ကနေထွက်ခွာပြီးနောက် ဘရာဇီးအသင်းထံ ၁ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ အီတလီသားနည်းပြက ဘရာဇီးအသင်းဘက်က သက်တမ်းတိုးမယ်ဆိုရင် အသင်းမှာဆက်နေချင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
အန်ဆယ်လော့တီဟာ ၁ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဆိုပါစာချုပ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးအထိ ရှိနေမှာဖြစ်ပါတယ်။
ဘရာဇီးကစားသမားတွေကလည်း အန်ဆယ်လော့တီရဲ့ဦးဆောင်မှုကို သဘောကျနေပြီး ဂူမာရေးစ် ၊ ဟင်းနရစ်တို့လိုကစားသမားတွေကပါ လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။ အန်ဆယ်လော့တီလက်အောက်မှာ ဘရာဇီးအသင်းဟာ ၄ ပွဲကစားထားပြီးဖြစ်ကာ ပါရာဂွေး ၊ ချီလီတို့နဲ့ပွဲတွေမှာ အနိုင်ရရှိထားပြီး အီကွေဒေါကိုသရေ ၊ ဘိုလီဗီးယားကို အရေးနိမ့်ထားခဲ့ပါတယ်။
“မှန်ပါတယ်။ ကျွန်တော် ၂၀၂၃ ကတည်းက ဘရာဇီးနည်းပြလုပ်ချင်ခဲ့တာပါ။ ဘရာဇီးအတွက် ကမ္ဘာ့ဖလားပြင်ဆင်ရတာက တကယ့်ကိုထူးခြားပါတယ်။ ကျွန်တော် ၁ နှစ်စာချုပ်ပဲချုပ်ခဲ့တာပါ။ ကမ္ဘာ့ဖလားအပြီးမှာ အရာအားလုံးကလမ်းဖွင့်ထားပါတယ်။ တစ်နှစ်စာချုပ်ချုပ်ဆိုတာက မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လို့ ဘရာဇီးအသင်းဘက်က သက်တမ်းထပ်တိုးချင်တယ်ဆိုလည်း ပြဿနာမရှိပါဘူး။
ကျွန်တော်ပြောသလို ကျွန်တော် ဒီမှာအရမ်းပျော်နေပါတယ်။ ကျွန်တော့်မိသားစုလည်း ဒီမှာပျော်နေပါတယ်။ ကျွန်တော်တို့ အဲ့အကြောင်းကို တွေးနိုင်ပါတယ်။ ကျွန်တော်တို့အဲ့အကြောင်းပြောဖို့ အချိန်ရှိပါတယ်။
ကျွန်တော် ဆက်နေရမယ်ဆိုလည်းပြဿနာမရှိပါဘူး။ အဲ့တာက ၂၀၃၀ အထိဆိုရင်လည်းကောင်းပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။ ဘရာဇီးအသင်းဟာ တောင်ကိုရီးယားအသင်း ၊ ဂျပန်အသင်းနဲ့ ခြေစမ်းပွဲကန်ဖို့ ပြင်ဆင်နေပါတယ်။