The network connection is lost.

Banner Image

မွန်တာရေးအသင်းကို သရေကျခဲ့ပြီးနောက် အသင်းရဲ့လိုအပ်ချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ အင်တာနည်းပြသစ် ချီဗူ

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ပထမဆုံးပွဲမှာ မွန်တာရေးအသင်းကို သရေကျခဲ့ပြီးနောက် အင်တာနည်းပြသစ် ချီဗူက အသင်းဟာ စိတ်အားထက်သန်မှုပျောက်ဆုံးနေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ 

ချီဗူအတွက် အခုပွဲက မျှော်လင့်ထားသလိုဖြစ်မလာခဲ့ပဲ သေချာလေးအာရုံစိုက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနနဲ့အင်တာဗျူးမှာ အင်တာနည်းပြသစ်က အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ အရည်အချင်းလိုအပ်နေဆဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အင်တာမီလန်ဟာ မွန်တာရေးအသင်းကို ၁-၁ သရေကျခဲ့တာဖြစ်ပြီး ရာမို့စ်က အဖိုးတန်သရေတစ်မှတ်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်ဟာ အဆိုပါပွဲမှာပြိုင်ဘက်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းက လိုအပ်ချက်ရှိနေခဲ့တာဖြစ်ပါတယ်။ အင်တာကစားသမားဟောင်းက သူ့ရဲ့အသင်းဟာ ဘောလုံးဖြတ်ကျော်မှုအပိုင်းမှာ နှေးကွေးနေသလို တန်ပြန်တိုက်စစ်ကူးပြောင်းရာမှာလည်း နှေးကွေးနေတယ်လို့ ယုံကြည်နေပါတယ်။ ချီဗူက အသင်းအနေနဲ့ ပွဲအလှည့်အပြောင်းအတွက် အရဲစွန့်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းမှာလည်း ပိုကောင်းအောင်လုပ်ဆောင်ရဦးမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာ ချီဗူက “နောက်ကနေလိုက်ကစားရတာတောင် ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံးအနေအထားရှိခဲ့ပါတယ်။ အလှည့်အပြောင်းမှာ ခက်ခဲမှုတွေရှိခဲ့ပါတယ်။ တိုက်စစ်မှာ အခုထက်ပိုကောင်းဖို့လိုအပ်ခဲ့သလို လူကျွံထောင်ချောက်လည်း မဖမ်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဖြတ်ကျော်မှုတွေနှေးကွေးခဲ့သလို ဂိုးရှေ့မှာလည်း အဆုံးသတ်လိုအပ်ချက်ရှိခဲ့ပါတယ်။
အကူးအပြောင်းတွေမှာ ကျွန်တော်တို့အရဲစွန့်ဖို့ လိုအပ်ပါတယ်။ အားလုံးခြုံကြည့်ရင် ကျွန်တော့်ကောင်လေးတွေ အရာအားလုံးပေးဆပ်ခဲ့ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

မာဆေးလ်အသင်းကနေပြောင်းလာတဲ့ ဟင်းနရစ်လည်း အင်တာနဲ့အတူ ပွဲဦးထွက်ပါဝင်လာခဲ့ပြီး လေ့ကျင့်ခန်း ၂ ကြိမ်သာဆင်းထားခဲ့ရပေမယ့် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ အင်တာမီလန်နည်းပြကလည်း ဟင်းနရစ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အင်တာမီလန်ဟာ လာမယ့်ဇွန်လ ၂၂ ရက်နေ့မှာ ဂျပန်ကလပ် ယူရာဝါအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။